မော်လမြိုင် ဧပြီ ၁၈
၁၃၈၇ ခုနှစ် မြန်မာ့နှစ်သစ်ကူးအခါသမယတွင် နိုင်ငံသူ၊ နိုင်ငံသား ပြည်နယ်သူ ပြည်နယ်သားများ ဥပဒ်ဘေးဒဏ်ရန်အသွယ်သွယ် အန္တရာယ်အဝဝကင်းစင်ပပျောက်စေနိုင်ရန်အတွက် မြန်မာ့နှစ်သစ်ကူးအန္တရာယ်ကင်းပရိတ်တရားတော်နာ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းတွင် မော်လမြိုင်မြို့ ဆံတော်ရှင် ဦးဇိနစေတီတော်မြတ်ကြီးဓမ္မာရုံ၌ ကျင်းပခဲ့ရာ အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ကြွရောက်တော်မူလာကြသည့် ဆရာတော်သံဃာတော်များက ဘေးအန္တရာယ်ရန် အသွယ်သွယ်အပေါင်းမှ ကင်းဝေးစေရေးအတွက် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာတော်အရှင်သူ မြတ်တို့ထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကာ ဆရာတော်များထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သိရှိရသည်။
စည်သူ (ပြန်/ဆက်)