ဘားအံ ဧပြီ ၁၉
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ရေကြောင်းလူငယ်အခြေခံသင်တန်း(၁/၂၀၂၅)ကို ဧပြီလ ၂၂ ရက်နေ့မှ မေလ ၁၂ ရက်နေ့ထိ ကျောင်းသား၊ ကျောင်းသူ ၁၄၀ ဦးဖြင့် ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ရာ သင်တန်းဖွင့်လှစ်နိုင်ရေး ဦးစီးကော်မတီနာယက ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် ဧပြီလ ၁၉ ရက်နေ့ နံနက်ပိုင်းက သင်တန်းဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ရေကြောင်းလူငယ်သင်တန်းသား၊ သင်တန်းသူများ အခြေခံရေကူးနည်းပညာများ သင်ကြားပို့ချလေ့ကျင့်နိုင်ရေး ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ဇွဲကပင်ရေကူးကန်အား ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှုအခြေအနေ၊ ဘားအံမြို့ဇွဲကပင်ခန်းမ၌ သင်တန်းဖွင့်ပွဲနှင့်သင်တန်းဆင်းပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှုအခြေအနေ၊ ဘားအံမြို့ ကန်သာယာရေပြင်၌ လှေလှော်၊ ရွက်တိုက်လေ့ကျင့်ခန်းများဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ ဆပ်ကော်မတီအသီးသီးမှတာဝန်ရှိသူများ၊ တောင်ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ်၊ဟိန်းဇဲဒေသမှ သင်တန်းနည်းပြအရာရှိ၊ အရာခံများက ကြိုတင်ပြင်ဆင်မှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြား၍ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်တန်းကျင်းပမည့် ဘားအံတက္ကသိုလ်၌ ရေကြောင်းလူငယ်အခြေခံသင်တန်းသား၊ သင်တန်းသူများအတွက် သင်တန်းကာလ အဟာရပြည့်မီပြီးကျန်းမာရေးနှင့်ညီညွတ်သည့်အစားအစာများ နေ့အလိုက်ချက်ပြုတ်ကျွေးမွေးနိုင်ရေး စားဖိုဆောင်နှင့်စားဆောင်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ စာသင်ဆောင်၊ သင်တန်းပို့ချမည့်ဘာသာရပ်၊ အချိန်စာရင်း၊ စစ်ရေးပြကွင်းအဖြစ်အသုံးပြုမည့်နေရာ၊ ဘားအံတက္ကသိုလ် ပတ္တမြားနယ်မြေရှိ နဝရတ်ဆောင်နှင့် ပုလဲဆောင်တို့ကို အမျိုးသား၊ အမျိုးသမီးခွဲခြားတည်းခိုနေထိုင်ရေးအတွက် ရေ၊ မီး၊ မိလ္လာ ပြည့်စုံလုံလောက်မှု ရှိ/မရှိလှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကရင်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန (၂၀၂၄-၂၀၂၅)ပြည်နယ်ခွင့်ပြုဘဏ္ဍာရန်ပုံငွေဖြင့် တည်ဆောက်သော Youth Centre(လူငယ်စင်တာ)(၁၄၀ပေx၈၀ပေ)RC သုံးထပ်အဆောက်အဦတည်ဆောက်ပြီးစီးမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြား သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိုးရာသီကာလအနိမ့်ပိုင်းလူနေရပ်ကွက်များတွင် ရေကြီးရေလျှံမှုများလျော့နည်းသက်သာစေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် စုစုပေါင်းခန့်မှန်းကုန်ကျငွေ ၃၂၈ ဒဿမ ၇ သန်းဖြင့် ဘားအံမြို့၊ အမှတ်(၆)ရပ်ကွက်၊ လုပ်သားလမ်းဘေးဝဲယာ အုတ်စီရေမြောင်း၊ ပလက်ဖောင်းပြုလုပ်ခြင်း ၆၀ ရာခိုင်နှုန်းခန့်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးသူရမြင့်သူ၊ အင်ဂျင်နီယာမှူးကြီးဦးစိုးလွင်နှင့် တာဝန်ရှိသူများက မြို့ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများသတ်မှတ်စံချိန်စံနှုန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်မှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)