ကသာ ဒီဇင်ဘာ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ ပူးပေါင်း၍ ဒီဇင်ဘာလ(၉)ရက်နေ့၊ နံနက်ပိုင်းက ပြည်သူများအား Face Shield နှင့် Mask များ ပေးဝေခဲ့ကြောင်း သိရသည်။
"ပြည်သူများအနေနဲ့ ကိုဗစ်-၁၉ကာလ အတွင်းမှာ Mask တပ်ဆင်ခြင်းနှင့် လက်ဆေး ခြင်းကို ပြုလုပ်ကြပေမဲ့ အပြင်ထွက်တဲ့အခါ Face Shield တပ်ဆင်ဖို့ မေ့လျော့ကြတယ်။ ပြီးတော့ ပြည်သူများ အပြင်ထွက်တိုင်း Mask ရော Face Shield ပါ တပ်ဆင်ပြီး သွားလာဖို့ ပြန်လည်သတိပေးတဲ့အနေနဲ့ Face Shield နှင့် Mask ကို ပေးဝေတာဖြစ်တယ်"လို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး အဆင့်-၁ ဦးအောင်အောင်က ပြောသည်။
ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာန ဆိုင်ရာများက ကသာမြို့ရှိ မီးပွိုင့်လမ်းဆုံ နေရာ၊ ဗိုလ်ချုပ်ကြေးရုပ်လမ်းဆုံနေရာနှင့် စက်လှေဆိပ်များတွင် အဖွဲ့(၃)ဖွဲ့ခွဲ၍ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း၊ မြို့နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနအနေဖြင့် ခရိုင်ဆေးရုံအုပ်၏ လမ်းညွှန်မှုနှင့်အတူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထောက်ပံ့ပေးသည့် Mask အခု(၁၄၀၀၀)နှင့် Face Shield အခု(၁၄၀၀)တို့ကို တစ်ပတ်လျှင် တစ်ကြိမ်နှုန်းဖြင့် ပြည်သူများအား ကျန်းမာရေးအသိပညာပေးရင်း ဆက်လက်ပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။
ရဲအောင် (ကသာ)