ဆိပ်ကြီးခနောင်တို ဒီဇင်ဘာ ၉
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက်လုပ်ဆောင်လျက်ရှိရာ ယမန်နေ့ညနေ (၄)နာရီ မြို့နယ်ဌာနဆိုင်ရာများ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ မြို့နယ်ရပ်ကွက်များအတွင်း ရောဂါကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်း လုပ်ငန်းများ လှည့်လည် ဆောက်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်သိန်း၊ ကော်မတီအတွင်းရေးမှူးမြို့နယ်ဆရာဝန်ကြီး ဒေါက်တာ သီတာတင်ဝင်းတို့ ဦးဆောင်၍ ကော်မတီဝင်များဖြစ်ကြသည့်မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများမှ မြို့နယ် ရပ်ကွက်များအတွင်း လှည့်လည်၍ မလိုအပ်ပဲနေအိမ်ပြင်ပ မထွက်စေရေး၊ လူစုလူဝေးဖြင့် နေထိုင်၊သွားလာခြင်း မရှိစေရေး၊ မဖြစ်မနေနေအိမ်ပြင်ပသွားလာပါက ပါးစပ်နှင့် နှာခေါင်းစည်း အကာအကွယ် Mask စနစ်တကျ တပ်ဆင်ပါရှိရေး၊ ဖျားနာ နေမကောင်းဖြစ်ပါက ကျန်းမာရေးဌာနသို့ အမြန်ဆုံးအကြောင်းကြားရေး၊ အစား အသောက် ရောင်းချသည့် ဆိုင်များအနေဖြင့် ပါဆယ်စနစ်ဖြင့်သာ ရောင်းချရေး၊ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှအချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ကြေညာ လျက်ရှိသည့် လမ်းညွှန်ချက်များအား လိုက်နာဆောင်ရွက်ရေးတို့ကို လှည့်လည် ပညာပေး ဆွေးနွေး ပြောကြားခဲ့သည်။
ယခုအခါ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၃၈၁)ဦးရှိပြီး၊ သေဆုံးသူ(၁၄)ဦး ရှိပြီဖြစ်၍ ယခုကဲ့သို့ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများကိုအရှိန်အဟုန်မြှင့် ဆက်လက်လုပ်ဆောင် နေရခြင်း ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
ဝေယံ(ဆိပ်ကြီးခနောင်တို)