ပြည်သူ့ကျန်းမာရေးတက္ကသိုလ်၊ ရန်ကုန်၏ (၁၃)ကြိမ်မြောက်၊ (၁၄)ကြိမ်မြောက်၊ (၁၅)ကြိမ်မြောက်နှင့် (၁၆)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားများ ကျင်းပ

ရန်ကုန် ဧပြီ ၂၆

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်၊ ရန်ကုန်၏ (၁၃)ကြိမ်မြောက်၊ (၁၄)ကြိမ်မြောက်၊ (၁၅)ကြိမ်မြောက်နှင့် (၁၆)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားများကို ယမန်နေ့ နံနက် ၉ နာရီတွင်  ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

 ဦးစွာ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ပြည်သူ့ကျန်းမာရေးတက္ကသိုလ်၊ ရန်ကုန်ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာတင်ထွန်း၊ ပညာရေးအဖွဲ့ဝင်များနှင့် စီမံခန့်ခွဲရေးအဖွဲ့ဝင်များက ဘွဲ့နှင်းသဘင် စင်မြင့်ပေါ်တွင် နေရာယူကြသည်။

ထို့နောက် ဘွဲ့ရကျောင်းသား၊ ကျောင်းသူများက အဓိဋ္ဌာန်ပြု ကတိသစ္စာ ရွတ်ဆိုကြပြီး ဘာသာရပ်အသီးသီးတွင် ပါရဂူဘွဲ့ (ပြည်သူ့ကျန်းမာရေး)၊ ပြည်သူ့ကျန်းမာရေးမဟာဘွဲ့၊ ဆေးရုံအုပ်ချုပ်မှု ပညာမဟာဘွဲ့၊ ဆေးပညာသင်ကြားရေးဒီပလိုမာဘွဲ့နှင့် အာဟာရပညာ ဒီပလိုမာဘွဲ့များအတွက် ကောင်းစွာ အောင်မြင်ပေါက်မြောက်ခဲ့ပြီဟု ပညာရေးအဖွဲ့က ကြေညာခြင်းခံရသူများအား ပြည်သူ့ကျန်းမာရေးတက္ကသိုလ်၊ ရန်ကုန်ပါမောက္ခချုပ်၊ ပါမောက္ခဒေါက်တာတင်ထွန်းက ဘွဲ့များ အပ်နှင်းပြီး ဂုဏ်ပြုအမှာစကား ပြောကြားသည်။

ယနေ့ကျင်းပသည့် ပြည်သူ့ကျန်းမာရေးတက္ကသိုလ်၊ ရန်ကုန်၏ ဘွဲ့နှင်းသဘင် အခမ်းအနားများ၌ (၁၃)ကြိမ်မြောက် ဘွဲ့နှင်းသဘင်တွင် ပါရဂူဘွဲ့ (ပြည်သူ့ကျန်းမာရေး) ၅ ဦး၊ ပြည်သူ့ကျန်းမာရေးမဟာဘွဲ့  ၆ ဦး၊ ဆေးရုံအုပ်ချုပ်မှုပညာမဟာဘွဲ့  ၆ ဦး၊ ဆေးပညာသင်ကြားရေးဒီပလိုမာဘွဲ့ ၂၃ ဦးကိုလည်းကောင်း၊ (၁၄)ကြိမ်မြောက် ဘွဲ့နှင်းသဘင်တွင် ပါရဂူဘွဲ့ (ပြည်သူ့ကျန်းမာရေး) ၁ ဦး၊ ပြည်သူ့ကျန်းမာရေးမဟာဘွဲ့  ၁၄ ဦး၊ ဆေးရုံအုပ်ချုပ်မှုပညာမဟာဘွဲ့  ၁၀ ဦးကိုလည်းကောင်း၊ (၁၅)ကြိမ်မြောက် ဘွဲ့နှင်းသဘင်တွင် ပြည်သူ့ကျန်းမာရေးမဟာဘွဲ့  ၁၅ ဦး၊ ဆေးရုံအုပ်ချုပ်မှုပညာမဟာဘွဲ့  ၈ ဦး၊ ဆေးပညာ သင်ကြားရေးဒီပလိုမာဘွဲ့  ၃၅ ဦး၊ အာဟာရပညာဒီပလိုမာဘွဲ့  ၂ ဦးကိုလည်းကောင်း၊ (၁၆)ကြိမ်မြောက် ဘွဲ့နှင်းသဘင်တွင် ပါရဂူဘွဲ့ (ပြည်သူ့ကျန်းမာရေး)  ၅ ဦး၊ပြည်သူ့ကျန်းမာရေးမဟာဘွဲ့  ၁၄ ဦး၊ ဆေးရုံအုပ်ချုပ်မှုပညာမဟာဘွဲ့ ၁၁ ဦး၊ ဆေးပညာသင်ကြားရေးဒီပလိုမာဘွဲ့ ၃၈ ဦးတို့အား ဘွဲ့များ အပ်နှင်းခဲ့သည်။ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်၊ ရန်ကုန်အနေဖြင့် ယခုဘွဲ့နှင်းသဘင်များ အပါအဝင် ယနေ့အထိ ဘွဲ့ရရှိသူ စုစုပေါင်း (၁၄၇၄)ဦးကို မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)