သဲကုန်းမြို့နယ်တွင် နွေရာသီယဥ်ကျေးလိမ္မာသင်တန်း ဆင်းပွဲကျင်းပ

သဲကုန်း ဧပြီ ၂၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကိုယ်၊ စိတ်၊ နှလုံးယဉ်ကျေးလိမ္မာစေရန်နှင့် ဗုဒ္ဓ၏အဆုံးအမတရားတော်များနှင့်အညီ ကျင့်ကြံနေထိုင်တတ်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော နွေရာသီယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(သဲကုန်း)တွင် ကျင်းပ​ပြုလုပ်ခဲ့သည်။

အဆိုပါသင်တန်းဆင်းပွဲတွင် ​မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်မသန်းစိန်က သင်တန်းဆင်းအမှာစကားပြောကြားပေးခဲ့ပြီး၊ သင်တန်းတွင်သင်ကြားပြသပေးသော ဆရာ/မများအားအမှတ်တရလက်ဆောင်များပေးအပ်ခဲ့သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်၊ ဘာသာ၊ သာသနာရေးဆိုင်ရာသိသင့်သိထိုက်သည့်အကြောင်းအရာများ၊ စာရိတ္တနှင့်ပြည်သူ့နီတိဆိုင်ရာအကြောင်းအရာများ၊ (၃၈)ဖြာမင်္ဂလာတရားတော်များ၊ ဗုဒ္ဓဝင်ဘုရားရှိခိုးနှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းသောစာမေးပွဲတွင် ထူးချွန်စွာဖြေဆို၍ဆုရရှိသော ကျောင်းသား/ကျောင်းသူများနှင့်သင်တန်းတက်ရောက်ခဲ့သော ကျောင်းသား/ကျောင်းသူများအားတာဝန်ရှိသူများမှ သင်တန်းဆင်းအောင်လက်လက်မှတ်နှင့် အမှတ်တရဆုလက်ဆောင်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါ နွေရာသီယဥ်ကျေးလိမ္မာသင်တန်းကို သင်တန်းဆရာ/ဆရာမ(၅)ဦးဖြင့် ကျောင်းသား၊ ကျောင်းသူ (၅၀) ဦးအား ဧပြီလ ၂၃ ရက်နေ့မှ ၂၆ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပို့ချ​ပေးခဲ့ကြောင်းသိရှိရသည်။

မြို့နယ် (ပြန်/ဆက်)