မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့၊ တောင်ရိုးတန်းလမ်းဆုံ အနီးပတ်ဝန်းကျင်၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကြည့်ရှုအားပေး၊ သီရိမြိုင်ရပ်ကွက်အတွင်း၌ ရေနှုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးဆောင်ရွက်​နေမှုကွင်းဆင်းစစ်ဆေး  

မော်လမြိုင် ဧပြီ ၂၆

မော်လမြိုင်မြို့၊ တောင်ရိုးတန်းလမ်းဆုံ အနီးပတ်ဝန်းကျင်၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ဆောင်ရွက်ရာ ပြည်နယ်၀န်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ပြည်နယ်/ ခရိုင်/ မြိုနယ်အဆင့်ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲဝင်များ၊ လူမှု‌ရေးအသင်းအဖွဲများ၊ ဒေသခံပြည်သူများ စုစုပေါင်း အင်အား ၂၇၀ ခန့်သည်  တောင်ရိုးတန်းလမ်းဆုံအနီးပတ်ဝန်းကျင်၌ သစ်ပင်ခြုံနွယ်ပိတ်ပေါင်းများ၊ ခုတ်ထွင်ရှင်း လင်းခြင်း၊ အမှိုက်များကောက်ယူရှင်းလင်းခြင်း၊ လျှပ်စစ်မီးတိုင်၊ ဖုန်းတိုင်များနှင့် မလွှတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများအား စက်ယန္တယားများဖြင့် ခုတ်ထွင်ရှင်းလင်းဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ် ဦး‌အောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး ပြည်နယ်၀န်ကြီးချုပ်က မော်လမြိုင်မြိုနယ် တောင်ရိုးတန်းလမ်းသည် အများပြည်သူများ စိတ်အပန်းဖြေလာရောက်သည့် နေရာဒေသဖြစ်ကြောင်း၊ ဘုရားဖူးပြည်သူများလာရောက်လည်ပတ်သည့် စေတီ၊ ပုထိုးများ စုံရာနေရာဖြစ်ခြင်း၊ ကျန်းမာရေးလိုက်စားသူများအနေဖြင့် ကိုယ်လက်လှုပ်ရှားအားကစားများဆောင်ရွက်ခြင်း၊‌ တောင်ရိုးတန်းလမ်းတစ်လျောက်လမ်းလျှောက်ခြင်းများ လာရောက်ဆောင်ရွက်ကြသည့်အတွက် ပတ်၀န်းကျင်သန့်ရှင်းသာယာလှပကောင်းမွန်စေရေး အလေးထားဆောင်ရွက်ကြရန်နှင့် မြို့နယ်အတွင်းသန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေး၊ အများပြည်သူနှင့်သက်ဆိုင်သည့်နေရာများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြရန်တာ၀န်ရှိသူများအား လမ်းညွှန်မှာကြား ခဲ့သည်။

မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ ရပ်ကွက်၊ ကျေးရွာများတွင် သန့်ရှင်းသာယာလှပစေရေးအတွက် ပြည်သူ့အကျိုးပြုစုပေါင်းသန့်ရှင်းရေးကိုဆောင်ရွက်လျက်ရှိပြီး အခြေခံပညာစာသင်ကျောင်းများတွင်လည်း ကျောင်းသန့်ရှင်းသာယာလှပစေရေးအတွက် ကျောင်းအကျိုးပြုစုပေါင်းသန့်ရှင်းရေးကို အပတ်စဉ်ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မော်လမြိုင်မြို့ သီရိမြိုင်ရပ်ကွက်အတွင်း၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရေနှုတ်မြောင်းများ ပြန်လည်တူးဖော်ဆယ်ယူနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဘဏ္ဍာရေးနှစ်အလိုက် ချောင်းကော၊ မြောင်းကော၊ သဘာဝရေနှုတ် မြောင်းများပြန်လည်တူးဖော်ခြင်းလုပ်ငန်းများ၊ မြစ်ကမ်းပါး၊ ချောင်းကမ်းပါးရှိ တာတမံများတည်ဆောက် ပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မော်လမြိုင်မြို့တွင် နှစ်စဉ်ပျမ်းမျှမိုးရေချိန်လက်မ (၂၀၀)ကျော် အမြဲရွာသွန်းသဖြင့် မိုးရာသီစပြီဆိုကတည်းက သံလွင်မြစ်၊ ဂျိုင်းနှင့်အတ္ထရံမြစ်တို့ဟာ ဒီရေအတက်အကျရှိပြီး ချောင်း၊ မြောင်းတွေမှာလည်း ဒီရေအဝင်/အထွက်၏ အကျိုးသက်ရောက်မှုရှိကြောင်း၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေနှုတ်မြောင်းတွေ တူးဖော်ပေးခြင်း၊ ချောင်းမြောင်းများပိတ်ဆို့မှုမရှိစေရေးအတွက် အမှိုက်များစနစ်တကျစွန့်ပစ်စေရေး၊ လိုအပ်သည့်နေရာများတွင် မြေပြင်အခြေအနေစနစ်တကျတိုင်းတာကွင်းဆင်းစစ်ဆေး၍ ရေနှုတ်မြောင်းများ ဖောက်လုပ်နိုင်ရေးတို့ကိုတာဝန်ရှိသူများအားမှာကြားကာ ရေနှုတ်မြောင်းပြန်လည်တူးဖော်နေမှု၊ အမှိုက်များဆယ်ယူနေမှုတို့ကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)