တာမွေမြို့နယ်၌ နွေရာသီ ကလေးငယ်များ ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်

တာမွေ ဧပြီ ၂၆

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် အမျိုးသမီးရေးရာအဖွဲ့၏လမ်းညွှန်မှုဖြင့် တာမွေမြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှစီစဉ်ဖွင့်လှစ်သော နွေရာသီကလေးငယ်များ ယဉ်ကျေးလိမ္မာသင်တန်းကို ယနေ့နံနက်ပိုင်းအချိန်က တာ‌မွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် လက်ဝဲမင်းဒင်လမ်းနှင့် ရာဇသင်္ကြန်လမ်းထောင့်ရှိ သာဝတ္ထိကျောင်းတိုက်၌ စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး မြို့နယ်အတွင်းရှိ ကလေးသူငယ်များ တက်ရောက်ခဲ့ကြသည်။

အဆိုပါ နွေရာသီကလေးငယ်များ ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်နေမှုအခြေအနေများအား သင်္ဃန်းကျွန်းခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ယဉ်ယဉ်သိန်းနှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါသင်တန်း၌ ဓမ္မစကူးလ်ဖောင်ဒေးရှင်းမှ ဆရာ/ဆရာမများက ကလေးသူငယ်များအား ဗုဒ္ဓဘာသာဝင်လူမျိုးများ၏ ကိုးကွယ်ယုံကြည်မှုဆိုင်ရာများ၊ (၃၈)ဖြာမင်္ဂလာကဗျာများနှင့် ကလေးငယ်များယဉ်ကျေးလိမ္မာစေရန် ဆုံးမစာများကို ၂၀၂၅-ခုနှစ် ဧပြီလ(၂၆)ရက်နေ့မှ (၂၈)ရက်နေ့အထိ (၃)ရက်ကြာဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းနှင့် ကလေးငယ်များ စိတ်အေးချမ်းပျော်ရွှင်စွာသင်ကြားနိုင်ရေးအတွက် တာမွေမြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဝင်းတင့်နှင့်အဖွဲ့ဝင်များကလည်း ကျောင်းသုံးဗလာစာအုပ်များ၊ ဘောပင်များ၊ အအေးဘူးများအား အခမဲ့လှူဒါန်းပေးခြင်းအပြင် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်(ပြန်/ဆက်)