မြောက်ဥက္ကလာပမြို့၌ ဆုတောင်းပြည့်‌မယ်လမုစေတီတော်ကြီးတွင် အဘိဓမ္မာ၊ ဋီကာကျော်၊ ဝိသုဒ္ဓိမဂ် သင်တန်းများ ဖွင့်လှစ်ပို့ချ

မြောက်ဥက္ကလာပ ဧပြီ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့၌ ဆုတောင်းပြည့်မယ်လမုစေတီတော် အဘိဓမ္မာပြန့်ပွားရေးအသင်း၏ ၂၀၂၅ ပညာသင်နှစ် အဘိဓမ္မာ၊ ဋီကာကျော်၊ ဝိသုဒ္ဓိမဂ်သင်တန်းများကို ဖွင့်လှစ်ပေးခြင်းကို ယနေ့ မွန်းတည့် ၁၂ နာရီ အချိန် အဆိုပါအသင်းခန်းမတွင် ပြုလုပ်ခဲ့သည်။

ဦးစွာအခမ်းအနားသို့ တက်ရောက်လာကြသူများနမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ခဲ့ကြပြီး မယ်လမု စေတီတော် အဘိဓမ္မာပြန့်ပွားရေးအသင်းနာယကကြီး  ၀ဏ္ဏကျော်ထင်ဦးသိုက်ထွန်းက ဩဝါဒအမှာစကားပြောကြားခဲ့သည်။ ထို့နောက် မယ်လမု စေတီတော် အဘိဓမ္မာပြန့်ပွားရေးအသင်း နာယက၊ မယ်လမု စေတီတော်  ဂေါပကအဖွဲ့ဥက္ကဋ္ဌ သုဓမ္မမဏိ ဇောတဓရ ဦးလှကြည်က အဖွင့်အမှာစကားပြောကြားပြီး မယ်လမု စေတီတော် အဘိဓမ္မာပြန့်ပွားရေးအသင်းဥက္ကဋ္ဌ ဆရာမကြီး ဒေါ်သန်းသန်းက ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကြသည်။ ယင်းနောက် မယ်လမုစေတီတော် အဘိဓမ္မာပြန့်ပွားရေးအသင်း ဒုတိယဥက္ကဋ္ဌ(စီမံ) ဦးကြည်စိုးက သင်တန်းစီမံရေးရာနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအား ရုတ်သိမ်းခဲ့သည်။

အဆိုပါ ဆုတောင်းပြည့် မယ်လမုစေတီတောအဘိဓမ္မာပြန့်ပွားရေးအသင်း၏ ၂၀၂၅ ပညာသင်နှစ် အဘိဓမ္မာ၊ ဋီကာကျော်၊ ဝိသုဒ္ဓိမဂ် သင်တန်းများကို  နည်းပြ ၈ ဦးက သင်ကြားပို့ချမည်ဖြစ်ရာ သင်တန်းသား၊သူ ၈၀ ဦးခန့်က တက်ရောက်သင်ယူမည်ဖြစ်ပြီး သင်တန်းကာလမှာ ဧပြီ ၂၆ ရက်နေ့မှ ဒီဇင်ဘာလထိတစ်ပတ်လျှင် စနေ၊ တနင်္ဂနွနှစ်ရက် မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီခွဲထိ သင်ကြားပို့ချ ပေးမည်ဖြစ်ကြောင်းသိရသည်။

သက်လွင်စိုး (ပြန်/ဆက်)