ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေးအထူးဇုန် ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

ရန်ကုန် ဧပြီ ၂

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယမန်နေ့ နံနက်ပိုင်းက ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေးအထူးဇုန်ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေး အထူးဇုန်အတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာန ရှင်းလင်းဆောင်လမ်းနှင့် C3 လမ်းကြား အရှည် (၅၁၁၅)ပေ လမ်းဖောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လမ်းဘေးဝဲ၊ ယာရေးစီးရေလာကောင်းမွန်ရေး၊ မြေပြိုမှုမရှိစေရေး မြေသားများခိုင်ခံ့မှုရှိစေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် Box Culvert ပြုလုပ်ရန် စသည်တို့ကို မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေးအထူးဇုန်အတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးထားရှိသည့် ယုဆိုင်၊ ထိုင်ဝမ်မုန့်ညင်းဖြူ၊ မုန့်ညင်းစိမ်း၊ ကိုက်လန်၊ ဆလပ်၊ ထိုင်ဝမ်ကန်ဇွန်း၊ ချဉ်ပေါင်နှင့် ဟင်းနုနွယ်ပင်များ စိုက်ပျိုးထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီး အပင်များရေလုံလောက်စွာရရှိရေး စနစ်တကျစီစဉ်ဆောင်ရွက်ပေးရန်နှင့် တိုးချဲ့စိုက်ပျိုးကြရန်တို့ကို မှာကြားပြီး ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေး အထူးဇုန်ခန်းမတွင် ဇုန်ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာများမှ စိုက်ပျိုးမွေးမြူရေးကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများကို တင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေးနှင့် စိုက်ပျိုးပင်များအတွက် ရေရှိရေးဆောင်ရွက်ရန်၊ နှစ်ရှည်သီးပင်၊ စားပင်များ စိုက်ပျိုးရန်၊ စားရိက္ခာဖူလုံမှုရှိစေရေး ကြိုးပမ်းအကောင်ထည်ဖော် ဆောင်ရွက်ပေးကြရန် မှာကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် M - 5 နှင့် M – 6 လမ်း၊ အကွက်အမှတ် (၈၈)ရှိ ဦးရဲနောင်၏ ခြံတွင် ထိုင်ဝမ်ကန်ဇွန်း၊ မုန့်ညင်းဖြူနှင့် မုန့်ညင်းစိမ်းထုပ်ပင်များ စိုက်ပျိုးထားရှိမှု၊ C-7 လမ်း၊ အကွက်အမှတ် (၅၇၆)ရှိ ဦးဗျက်ကာ၏ ခြံတွင် ဘဲအကောင်ရေ (၁၀၀၀)ကောင်၊ ကြက်မဲနှင့် ယူနန်ကြက် အကောင်ရေ (၄၀၀)ခန့် မွေးမြူထားရှိမှု၊ M - 1 နှင့် C - 15 လမ်း၊ အကွက်အမှတ် (၁၂)ရှိ ဦးမောင်ရှမ်း၏ ဝက်ခြံတွင် ဝက်အကောင်ရေ (၉၀၀) မွေးမြူထားရှိမှု၊ M - 1နှင့် C - 6 လမ်း အကွက် အမှတ်(၅၈ A/B)ရှိ ဦးဇော်မြင့်၏ ငုံးခြံတွင် ငုံးအကောင်ရေ (၇၅၀၀၀)မွေးမြူထားရှိမှု၊ M - 3 လမ်း၊ အကွက်အမှတ် (၇၀+၇၇+၈၃)ရှိ ဦးအောင်ဝင်း+ဒေါ်ခင်ဌေး၏ ခြံတွင် ဒူးရင်းပင် (၁၁၂၀)နှင့် အုန်းချိုမွှေးပင် (၄၆၀)စိုက်ပျိုးထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားကာ ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေး အထူးဇုန်ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)