ပွင့်ဖြူ ဒီဇင်ဘာ ၉
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကုန်းဇောင်းတိုက်နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးပြုစု စောင့်ရှောက်မှုလုပ်ငန်းများ အဆင်ပြေစွာ ကုသဆောင်ရွက်ပေးနိုင်ရေးအတွက် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု ဘတ်ဂျတ်ခွင့်ပြုရန်ပုံငွေဖြင့် ယခင်မူလရှိ ဆေးရုံဟောင်းအဆောက်အဦအား အသစ်ပြန်လည်တည်ဆောက်ခြင်း လုပ်ငန်းကို တင်ဒါအောင်မြင်သည့် မကွေးအောင်မင်း ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် တည်ဆောက်ပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကုန်းဇောင်းတိုက်နယ်ဆေးရုံအုပ်ကြီး ဒေါက်တာ သီသီအေး ထံက သိရ သည်။
အဆိုပါ မူလရှိ ကုန်းဇောင်းတိုက်နယ်ဆေးရုံအား ဒေသခံပြည်သူများ ကျန်းမာရေးပြုစုစောင့်ရှောက်မှုလုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်ပေးနိုင်ရေးအတွက် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုဘတ်ဂျတ်ခွင့်ပြုရန်ပုံငွေ သိန်းပေါင်း ၆၃၀၀ ဖြင့် မကွေးအောင်မင်း ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူ၍ အလျား ၁၄၁ ပေ ၊ အနံ ၁၁၀ ပေ ၆ လက်မ ၊ အမြင့် ၁၃ ပေ အာရ်စီတစ်ထပ် အသစ်ပြန်လည် တည်ဆောက်ရာတွင် ယင်းဆေးရုံသည် ရေဝပ်ဧရိယာတွင် ပါဝင်သည့် အတွက် မိုးရာသီကာ ရေဝပ်မှုများ ကင်းဝေးစေရန် အမြင့် ၅ ပေ ထည့်သွင်း၍ ၂၀၂၀ ပြည့်နှစ် ၊ ဇန်နဝါရီလဆန်းပိုင်းက စတင်တည်ဆောက်ခဲ့ရာ ယခုလဆန်းပိုင်းတွင် ရာနှုန်းပြည့် တည်ဆောက်ပြီးစီးခဲ့ကြောင်း သိရ သည်။
ယခုအခါ ပွင့်ဖြူမြို့နယ် ကုန်းဇောင်းတိုက်နယ်ဆေးရုံအား ရာနှုန်းပြည့် အသစ်ပြန်လည်တည်ဆောက်ပြီးစီးသွားပြီ ဖြစ်၍ ပွင့်ဖြူမြို့နယ် ကုန်းဇောင်းတိုက်နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများကို ကျန်းမာရေးပြုစုစောင့်ရှောက်မှုများ အဆင်ပြေစွာ ဆောင်ရွက်ပေးသွားနိုင် တော့မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးတင့်ဆန်း က ပြောသည်။
ရဲဝင်းနိုင် ( ညောင်ဦး )