ပဲခူး ဧပြီ ၂၇
ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများပါဝင်သော ကျန်းမာရေးဝန်ထမ်းများသည် ယမန်နေ့နံနက်ပိုင်းက ပဲခူးမြို့နယ်၊ ပျဉ်ပုံကြီးကျေးလက်ကျန်းမာရေးဌာနသို့သွားရောက်၍ ပဲခူးမြို့နယ်နှင့် ဒိုက်ဦးမြို့နယ်အတွင်းရှိ ရဟန်း၊ သီလရှင်နှင့် ပြည်သူများအား ဆေးကုသမှုများ ကွင်းဆင်းဆောင်ရွက်ပေးကြသည်။
ဆေးကုသမှုများပြုလုပ်ပေးရာတွင် ပဲခူးမြို့ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ သမားတော်(အထွေထွေရောဂါ)၊ သားဖွားမီးယပ်၊ ကလေး၊ အရိုး၊ မျက်စိ၊ သွား၊စသည့် အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက ကုသရေးဦးစီးဌာန၏ မူဝါဒများ၊ ရည်မှန်းချက်များဖြစ်သည့် ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေ လွှမ်းခြုံမှုတိုးတက်ရေး၊ ပြည်သူ့ဆေးရုံများ၏ ကုသမှုအရည်အသွေးမြင့်မားရေးနှင့်အညီ ဆေးရုံအခြေပြုကုသရေးလုပ်ငန်းများတိုးချဲ့ကာ ကျေးလက်ဒေသအထိ ကွင်းဆင်း၍ ဆေးကုသမှု ဆောင်ရွက်ပေးကြခြင်းဖြစ်သည်။
ကွင်းဆင်ဆေးကုသမှုပြုလုပ်ရာသို့ ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မင်းထွန်း၊ ပဲခူးမြို့ခုတင်(၅၀၀)ဆံ့အထွေထွေရောဂါကု ဆေးရုံအုပ်ကြီးဒေါက်တာဇော်လွင်၊ ဒုတိယဆေးရုံအုပ်ကြီး ဒေါက်တာသန္တာဆွေ၊ ပဲခူးတိုင်းဒေသကြီးကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဒေါက်တာမြတ်စိုးတို့မှ လိုက်လံကြည့်ရှုအားပေးကြသည်။ ပဲခူးမြို့နယ်အတွင်းရှိ ဘုရားကလေးကျေးရွာအုပ်စု၊ ဝမ်းဘဲအင်းကျေးရွာအုပ်စု၊ ရွာသစ်ကိုင်းတာကျေးရွာအုပ်စုနှင့် ပျဉ်ပုံကြီးကျေးရွာအုပ်စု၊ ဒိုက်ဦးမြို့နယ်အတွင်းမှ ကျိုက်စကောကျေးရွာအုပ်စုနှင့် ဘုရားကြီးကွင်းကျေးရွာအုပ်စုတို့မှ ရဟန်း၊ သီလရှင်၊ ပြည်သူ စုစုပေါင်း(၄၁၁)ဦး လာရောက်ပြသကြပြီး အထွေထွေရောဂါလူနာ (၁၄၂)ဦး၊ သားဖွားမီးယပ်လူနာ(၄၇)ဦး၊ ကလေးလူနာ(၁၂)ဦး၊ အရိုးလူနာ(၁၀၆)ဦး၊ မျက်စိလူနာ(၆၉)ဦး၊ သွားနှင့်ခံတွင်းရောဂါလူနာ(၃၅)ဦးတို့အား ဆေးကုသမှုပြုလုပ်ပေးနိုင်ခဲ့သည့်အပြင် သွားတုပြုလုပ်ရန်(၆)ဦး၊ မျက်စိအတွင်းတိမ်(၂)ဦးနှင့်၊ အခြားလူနာ(၅၄)ဦးအား ပဲခူးပြည်သူဆေးရုံကြီးတွင် ဆက်လက်ကုသရန် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)