ဆင်ပေါင်ဝဲ ဧပြီ ၂၇
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ဘုရားကြီးကျောင်းတွင် အသစ်ဆောက်လုပ်ပြီးစီးသော “သဒ္ဓမ္မဂုဏ်ရည်” နှစ်ထပ်ကျောင်းဆောင်သစ် ရေစက်ချပွဲနှင့် ဘုရားကြီးကျောင်း ဆရာတော် ဘဒ္ဒန္တ ဝိစိတ္တ တပည့် “ သာသနဓဇဓမ္မာစရိယ၊ ဝိနယဝိဒူ” ဘွဲ့တံဆိပ်(၂)ခုရအရှင်ကောသလ္လအား သိက္ခာထပ် ပနောပသမ္ပဒ မင်္ဂလာနှင့် ဂုဏဝိသိဋ္ဌ ဂုဏ်ပြုပူဇော်ပွဲ မင်္ဂလာအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က အဆိုပါ ဘုရားကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို ကြွရောက်လာကြသည့် ဆရာတော်သံဃာတော်များနှင့် တရားနာပရိတ်သတ်တို့မှ နမောတဿ သုံးကြိမ်ရွတ်ဖတ်ပူဇော်၍အခမ်းအနားကို ဖွင့်လှစ်ပြီး သာသနာ့ အာဇာနည် ဘွဲ့တံဆိပ်(၂)ခုရ အရှင်ကောသလ္လအား ဒင်းပုန်းအရှင်မဏ္ဍလ(ဆင်ပေါင်ဝဲ) ရေးဖွဲ့ပူဇော်ဂုဏ်ပြုထားသည့် “သဒ္ဓမ္မဂုဏ်ရည် ရွှေကျောင်းတော်ကြီးဆီသို့” အမည်ရှိ စည်တော်သံသီချင်းအား တေးသံရှင်ဦးနိုင်လင်းက ရွှေအလင်္ကာ တေးဂီတအဖွဲ့နှင့် တွဲဖက်သီဆိုပူဇော်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ နေနတ်သားစာသင်တိုက် စာချဆရာတော်စန္ဒောဘာသ(သာသနဓဇဓမ္မာစရိယ၊ ဝိနယဝိဒူ၊ အင်္ဂုတ္တရနိကာယဝိဒူ) ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။
ဆက်လက်၍ ဘုရားငါးဆူစေတီတော်မြတ်ကြီး၏ ဂေါပကအတွင်းရေးမှူး ဦးသိန်းမြင့်က သာသနာ့အာဇာနည် အရှင်ကောသလ္လ၏ ထေရုပ္ပတ္တိကို ဖတ်ကြားခြင်း၊ ဘုရားကြီးကျောင်းတိုက် “သဒ္ဓမ္မဂုဏ်ရည်” နှစ်ထပ်ကျောင်းဆောင်သစ်ကြီး၏ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တဝိစိတ္တ ရေးဖွဲ့ဂုဏ်ပြုထားသည့် အရှင်ကောသလ္လ(ဓမ္မာစရိယ၊ ဝိနယဝိဒူ)၏ ဘဝဖြစ်စဥ် ရှစ်လုံးဖွဲ့ ကဗျာများကို ဓမ္မသိင်္ဂီဝတ်ရွတ်အသင်းနှင့် အောင်စင်္ကြဝတ်ရွတ်အသင်းတို့က ရွတ်ဖတ်ပူဇော်ပြီးဘုရားကြီး ကျောင်းဆရာတော် ဘဒ္ဒန္တဝိစိတ္တမှ ကျေးဇူးတင် ဝမ်းမြောက်စကားပြောကြားခြင်း၊ တေးသံရှင်များ၊ ရွှေအလင်္ကာ တေးဂီတအဖွဲ့နှင့် ဝတ်ရွတ်အသင်းတို့က ထပ်တွန့်ရှစ်ဆယ်ပေါ်တေးထပ်၊ ပုလဲသွယ်ရှစ်
လုံးဖွဲ့ကဗျာ၊ မကြီးစမ်းထိုရွာအစချီပိုဒ်စုံရတုတို့ဖြင့်
ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။
ထို့နောက် အပူဇော်ခံဆရာတော်အရှင်သူမြတ်အား ဘုရားကြီးကျောင်းဆရာတော် ဘဒ္ဒန္တဝိစိတ္တနှင့် အလှူရှင်များ လှူဒါန်းထားသော နဝကမ္မဝတ္ထုငွေအား ဆက်ကပ်လှူဒါန်းပြီးလှူဒါန်းမှုအစုစုတို့အတွက် ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ နေနတ်သားစာသင်တိုက် စာချဆရာတော် စန္ဒောဘာသ( သာသနဓဇဓမ္မာစရိယ၊ ဝိနယဝိဒူ၊ အင်္ဂုတ္တရနိကာယဝိဒူ)ထံ အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချအမျှဝေခဲ့ကြပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနား ပြီးမြောက်ခဲ့ကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)