စစ်တွေ ဧပြီ ၂၇
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေလေယာဉ်ကွင်းသန့်ရှင်းသာယာရေးနှင့် လုံခြုံရေးဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် စစ်တွေမြို့ပေါ်ရှိ ယာယီနေရပ်စွန့်ခွာပြည်သူများအား သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေလေဆိပ်သို့သွားရောက်ပြီး လေဆိပ်သို့ လာရောက်ကြသည့် ခရီးသည်ကြိုပို့ယာဉ်များ စနစ်တကျရပ်နားနိုင်ရန် ခရီးသည်ယာဉ်များရပ်နားနေရာ ဆောင်ရွက်မည့်အခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး လေယာဉ်ကွင်းဆင်းလမ်း မြေယာရှုခင်းပြုပြင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကုန်ပစ္စည်းတင်လေယာဉ်ဖြင့် ရောက်ရှိလာသော စားသောက်ကုန်ပစ္စည်းများအား ဒေသတွင်းဖြန့်ဖြူးနိုင်ရန်ထုတ်ယူနေမှုကို ကြည့်ရှုစစ်ဆေးပြီး ကုန်ပစ္စည်းများအား စနစ်တကျထုတ်ယူပြီး ဖြန့်ဖြူးကြရန်၊ ဥပဒေနှင့်မလွတ်ကင်းသည့် ပစ္စည်းများသယ်ဆောင်ခြင်းမပြုနိုင်ရေး စနစ်တကျကြပ်မတ်ဆောင်ရွက်ကြရန်နှင့် မလိုလားအပ်သောနေရာများသို့ မရောက်ရှိစေရေး တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လေဆိပ်အတွင်း ခရီးသည်များ ထွက်ခွာဆောင်နှင့် ဆိုက်ရောက်ဆောင်များအတွင်း သန့်ရှင်းသာယာရေး ခရီးသည်များ အေးချမ်းစွာ ခရီးသွားလာနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ခရီးသွားပြည်သူများအေးချမ်းစွာ ခရီးသွားလာနိုင်ရေး ကူညီဆောင်ရွက်ပေးကြရန်နှင့် ခရီးသည်အဝင်အထွက်နေရာများ၊ နားနေခန်းနေရာများနှင့် လေဆိပ်ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးတို့ကို စနစ်တကျဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လေဆိပ်ရှင်းလင်းဆောင်အတွင်း လုံခြုံရေးကင်မရာများ တပ်ဆင်ထားရှိမှု၊ ခရီးသွားပြည်သူများအား လုံခြုံရေးအတွက် စစ်ဆေးဆောင်ရွက်သည့်နေရာများအား လှည့်လည်ကြည့်ရှုစစ်ဆေး၍ လေယာဉ်များရောက်ရှိလာမှု ခရီးသွားပြည်သူများ ဝင်ရောက်ထွက်ခွာနေမှုတို့ကို ကြည့်ရှုစစ်ဆေးကြပြီး ခရီးသွားပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြသည်။
ယင်းနောက် လေဆိပ်ရှင်းလင်းဆောင်၌ လုံခြုံရေးတာဝန်ရှိသူများနှင့် လေဆိပ်တာဝန်ခံတို့က လေဆိပ်လုံခြုံရေးအတွက် ဆောင်ရွက်နေမှု၊ လေဆိပ်သန့်ရှင်းသာယာရေးဆောင်ရွက်ထားရှိမှုနှင့် နေ့စဉ်လေယာဉ်များ ဆင်းသက်နေမှုတို့ကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လေဆိပ်လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသည့် တပ်ဖွဲ့ဝင်များနေထိုင်သော အဆောက်အဦအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ဓညဝတီရပ်ကွက်ရှိ ဓာတ်ဦးဘုန်းတော်ကြီးကျောင်းတိုက်၊ ရွာကြီးမြောက်ရပ်ကွက်ရှိ ဓမ္မရိပ်သာဘုန်းတော်ကြီးကျောင်းတိုက်နှင့် ဝိဇ္ဇာသိဒ္ဓိဘုန်းတော်ကြီး ကျောင်းတိုက်များသို့ သွားရောက်၍ ယာယီနေရပ်စွန့်ခွာပြည်သူများနှင့်တွေ့ဆုံပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဓာတ်ဦးဘုန်းတော်ကြီးကျောင်းတိုက်သို့ သွားရောက်၍ ဓာတ်ဦးစေတီတော်အား ဖူးမြော်ကြည်ညိုကာ ပန်း၊ ဆီမီး၊ ရေချမ်းများကပ်လှူပူဇော်ကြပြီး စေတီတော်ဘက်စုံပြုပြင်နိုင်ရန်အတွက် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကာ နဝကမ္မအလှူငွေများ လှူဒါန်းကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းတိုက်အတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူများ နေထိုင်မှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး ပြည်သူများအေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် လိုအပ်သောအဆောင်များ ဆောက်လုပ်ပေးနိုင်ရေးနှင့် ပြုပြင်ရန်လိုအပ်သည်များအား အချိန်မီပြုလုပ်နိုင်ရေး တာဝန်ရှိသူများကိုမှာကြားပြီး ကလေးငယ်များအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဓမ္မရိပ်သာဘုန်းတော်ကြီးကျောင်းတိုက်သို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကာ နဝကမ္မအလှူငွေများလှူဒါန်းကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းတိုက်အတွင်းရှိ ယာယီနေရပ်စွန့်ခွာ ပြည်သူများနေထိုင်မှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး ပြည်သူများ အေးချမ်းစွာနေထိုင်ချက်ပြုတ် စားသောက်နိုင်ရေးအတွက် လိုအပ်သည်များကို ဆောင်ရွက်ပေးနိုင်ရေး၊ လုံခြုံရေးအတွက် ဆိုလာမီးများတပ်ဆင်ပေးနိုင်ရေး၊ ရေရရှိရေးအတွက် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးနှင့် ကျောင်းဖွင့်ရာသီတွင် ကလေးငယ်များ အေးချမ်းစွာပညာသင်ကြားနိုင်ရေးတို့အတွက် လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ပေးကြရန် တာဝန်ရှိသူများကို မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝိဇ္ဇာသိဒ္ဓိဘုန်းတော်ကြီး ကျောင်းတိုက်သို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကာ နဝကမ္မအလှူငွေများလှူဒါန်းကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းတိုက်အတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူများနေထိုင်မှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး ပြည်သူများအေးချမ်းစွာနေထိုင်နိုင်ရေးအတွက် လိုအပ်သောအဆောင်များ ဆောက်လုပ်ပေးနိုင်ရေးနှင့် ပြုပြင်ရန်လိုအပ်သည်များအား အချိန်မီပြုလုပ်နိုင်ရေး တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
တင်ထွန်း (ပြန်/ဆက်)