မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

မကွေး     ဧပြီ     ၂၇

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါကာ ယမန်နေ့ နံနက်ပိုင်းက မကွေးမြို့နယ် ရှားပင်လှကျေးရွာအနီး ညောင်ပင်ခလချောင်းနှင့် ဖုတ်ကုန်းကျေးရွာအနီး ဖလံချောင်းပေါ်ရှိ မြေအောက်တမံများ တည်ဆောက်နေမှုနှင့် ရှားပင်လှကျေးရွာအုပ်စုအတွင်း ဥစားကြက်မွေးမြူရေးဇုန်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် မကွေးမြို့နယ် ရှားပင်လှကျေးရွာအနီး ညောင်ပင်ခလချောင်းနှင့် ဖုတ်ကုန်းကျေးရွာအနီး ဖလံချောင်းပေါ်ရှိ မြေအောက်တမံများ တည်ဆောက်ရေးလုပ်ငန်းခွင်သို့ရောက်ရှိရာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တိုင်းဒေသကြီးညွှန်ကြားရေးမှူးနှင့် မြေအောက်တမံများ တာဝန်ယူတည်ဆောက်ခဲ့သည့် တည်ဆောက်ရေး(၈)မှ တာဝန်ရှိသူတို့က မြေအောက်ရေလှောင်တမံ စီမံကိန်းဧရိယာ ရွေးချယ်ဆောင်ရွက်မှုနှင့်ပတ်သက်၍ မြေအောက်ရေလှောင်တမံ တည်ဆောက်မည့် ချောင်းအထက်ဘက်တွင် လုံလောက်သော ရေဝေ ရေလဲ ဧရိယာရှိမှု၊ မြေအောက်ရေထုတ်ယူရရှိရန်အတွက် ရေအောင်းလွှာအတွင်းသို့ ရေစီးဝင်မှု လုံလောက်မှု အခြေအနေ၊ ချောင်း၏ အလျှောပြေပြစ်မှုရှိခြင်းနှင့် ချောင်းဗြက် ကျယ်ခြင်း၊ ရေအောင်းလွှာမှာ လုံလောက်သောရေကို သိုလှောင်နိုင်သောအထူရှိမှုနှင့် ရေလုံသော ဖြတ်တားနံရံတည်ဆောက်နိုင်ရန်အတွက် အောက်ခံရေလုံလွှာ အနက်တိမ်၍ မြေအောက်တမံ ဧရိယာကျဉ်းမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရှားပင်လှကျေးရွာအနီး ညောင်ပင်ခလချောင်းနှင့် ဖုတ်ကုန်းကျေးရွာအနီးမှ ဖလံချောင်းပေါ်ရှိ မြေအောက်တမံများ တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က မကွေးတိုင်းဒေသကြီး အတွင်းဒေသခံများအတွက် အကျိုးများသည့် မြေအောက်တမံ(၇)ခုကို တည်ဆောက်ရေး(၈)မှ တာဝန်ယူဆောင်ရွက်နေတာဖြစ်ပြီး၊ မြေအောက်တမံများ တည်ဆောက် ပေးခြင်းဖြင့် မိုးရာသီ ရွာသွန်းသော မိုးရေများ ဝင်ရောက်လာမှုအား စုဆောင်း သိုလှောင်ထားနိုင်ပြီး မြေအောက်တမံများ၏ အထက်၊ အောက်၊ ဘေး၊ ဝဲ၊ ယာ ပတ်ဝန်းကျင်တွင် မြေအောက်ရေ မျက်နှာပြင် မြင့်တက် လာသည့်အတွက် တူးဖော်ပြီး ရေတွင်းများ ရေမျက်နှာပြင် မြင့်တက်လာခြင်း၊ မြေအောက်ရေ အစိုဓါတ်ဖြင့် ချောင်းတစ်လျှောက်နှင့် ပတ်ဝန်းကျင်တွင် စားဖိုချောင်သီးနှံများ စိုက်ပျိုး လာနိုင်ခြင်း၊ ပတ်ဝန်းကျင်စိမ်းလန်း စိုပြည်စေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်သည့်အတွက် တည်ဆောက်ရေးတာဝန်ရှိသူများအနေဖြင့် သတ်မှတ်စံနှုန်းများနှင့်အညီ အချိန်မီပြီးစီးရေး အလေးထား ကြိုးစားဆောင်ရွက်ကြရန်နှင့် တည်ဆောက်ရေးလုပ်ငန်းနှင့်ပတ်သက်၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီးအတွင်း မိုးခေါင်သည့် ဒေသများရှိ သဲချောင်းများတွင် မိုးရေကို မြေအောက် တမံ (Underground Dam) တည်ဆောက်၍ ရေသိုလှောင်ခြင်းဖြင့် သောက်သုံးရေ ရှားပါးသည့် အညာဒေသတွင် သောက်သုံးရေရရှိနိုင်ရေးနှင့် မြေအောက်ရေထိန်းသိမ်းနိုင်ရေးအတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မကွေးတိုင်းဒေသကြီးအတွင်းတွင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်သည့် မြေအောက်တမံများကို စူးစမ်းလေ့လာ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မောင်ညီညာ