ပေါက်ခေါင်း ဧပြီ ၂၈
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်၌ နွေစပါးစိုက်ပျိုးရာသီတွင် နွေစပါး(၁၁၈၇၃)ဧကစိုက်ပျိုးနိုင်ခဲ့ပြီး၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တောင်နဝင်းနှင့် မြောက်နဝင်းရေလှောင်တမံမှဆည်ရေများကို ဇန်နဝါရီ ၁၀ ရက်နေ့က စတင်ပေးဝေခဲ့ပြီး တောင်သူများမှ နွေစပါးသီးနှံကိုစတင် စိုက်ပျိုးခဲ့ရာ ယခုအခါ နွေစပါးစိုက်ခင်းအားလုံးစိုက်ပျိုးပြီးဖြစ်၍ အထွက်နှုန်းကောင်းမွန်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် တောင်သူများမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ်၌ နွေသီးနှံစိုက်ပျိုးရာသီတွင် နွေစပါးသီးနှံအပါအဝင် နွေနှမ်း၊ မတ်ပဲနှင့် အခြားသီးနှံစုံကို အဆိုပါဆည်ရေသောက်ဖြင့် စိုက်ပျိုးနိုင်ခဲ့ကြောင်းနှင့် နွေစပါးသီးနှံစိုက်ပျိုးရာတွင် တစ်ဧကလျှင် ၅ သိန်းအထိ ကုန်ကျကြောင်း၊ စိုက်ပျိုးပြီး ၄ လအကြာတွင်ရိတ်သိမ်းရကြောင်း၊ အထွက်နှုန်းအနေဖြင့် ပျှမ်းမျှတစ်ဧကလျှင်တင်း ၈၀ မှ ၁၂၀ တင်းအထိထွက်ရှိကြောင်းနှင့် ပြီးခဲ့သည့်နှစ်က နွေစပါးဈေးကောင်းမွန်ပြီး တောင်သူတွေအကျိုးအမြတ်ရရှိခဲ့ကြောင်း တောင်သူတစ်ဦးက ပြောသည်။ ယခုနှစ်တွင် နွေစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းရေးအတွက် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်အဖွဲ့၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့် တောင်သူများပူးပေါင်း၍ အထွက်နှုန်းတိုးတက်ကောင်းမွန်ရေးတို့အတွက် ဝိုင်ဝန်းကြိုးပမ်းလျက်ရှိသည်။ ပေါက်ခေါင်းမြို့နယ်ရှိ နွေစပါးစိုက်တောင်သူများသည် ရတနာတိုး၊ ဗီယက်နမ်၊ရက် ၉၀ ၊ ထိုင်းနှံကောက် စသည့်စပါးမျိုးများကို အဓိကထားစိုက်ပျိုးလျက်ရှိပြီး မြို့နယ်စိုက်ပျိုးရေးကြီးကြပ်အဖွဲ့များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများ ကြီးကြပ်၍ နွေစပါးစိုက်တောင်သူများအား နွေစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သက်တမ်းတိုအထွက်ကောင်းမျိုးများ ပြောင်းလဲစိုက်ပျိုးရေး၊ ကြဲပက်စိုက်ပျိုးခြင်းအစား (Drum Seeder) စနစ်၊ ပျိုးထောင်စိုက်ပျိုးနည်းစနစ်နှင့် လက်ဆွဲကောက်စိုက်စက်တို့ဖြင့် စိုက်ပျိုးကြရန်တို့နှင့် အခြားတောင်သူပညာပေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင် (ပြန်/ဆက်)