ငဖဲမြို့နယ် ပေကုန်းကျေးရွာ ကန်လယ်မင်းကျောင်းတိုက်တွင် စာအောင်သံဃာတော်(၃၄)ပါးအား အဋ္ဌမအကြိမ်မြောက် ဆုနှင်းသဘင်ဂုဏ်ပြုပူဇော်ပွဲ ကျင်းပ

ငဖဲ ဧပြီ ၂၈

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပေကုန်းကျေးရွာ ကန်လယ်မင်းသာသနာ နုဂ္ဂဟအသင်းကြီးမှ ကြီးမှူး၍ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်တွင် နိုင်ငံတော်အစိုးရ ဓမ္မာစရိယစာမေးပွဲ၊ ပါဠိပထမပြန်စာမေးပွဲနှင့် နိကာယ်စာမေးပွဲတို့၌ ဖြေဆိုအောင်မြင်တော်မူသော စာမေးပွဲအောင် သံဃာတော်(၃၄)ပါးအား အဋ္ဌမအကြိမ်မြောက် စာအောင်ဆုနှင်းသဘင် ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကို ငဖဲမြို့နယ် ပေကုန်းကျေးရွာ ကန်လယ်မင်းကျောင်းတိုက်တွင် ဧပြီ ၂၇ ရက်နေ့နံနက်ပိုင်းမှစတင်၍  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နံနက်ပိုင်းတွင် ပေကုန်းကျေးရွာ ကန်လယ်မင်းကျောင်းတိုက်မှတစ်ဆင့် ငဖဲမြို့အတွင်းသို့ စာအောင်သံဃာတော်များကို တပည့်ဒါယကာများ စုပေါင်းဝန်းရံ၍ အပူဇော်ခံလှည့်လည် ကျင်းပဆောင်ရွက်သည်။ ဆက်လက်၍ မွန်းလွဲ ၁ နာရီတွင် စာအောင်ဆုနှင်းသဘင် ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကို ကျင်းပရာတက်ရောက်လာကြသော သံဃာတော်များနှင့် ဧည့်ပရိသတ်များက နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ပြီး မြို့နယ်သံဃာ့နာယကအတွင်းရေးမှူး သီပေါ်ကျောင်းဆရာတော် ဦးဉာဏုတ္တရထံမှ သရဏဂုံ ငါးပါးသီလခံယူဆောက်တည်၍ သံဃာတော်အရှင်သူမြတ်တို့မှ ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဆျယ်ကြကာ ပဒါန်းဥတ္တရာရာမကျောင်းတိုက် ဆရာတော်ဦးဓမ္မသာရထံမှ  ဩဝါဒကထာနာကြား၍ မြို့နယ်သံဃနာယက ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးက စာအောင်သံဃာတော်များအား ဆုချီးမြှင့်ပွဲနှင့်ပတ်သက်၍ ဝမ်းမြောက်ကြောင်း သာသနာရေးဆိုင်ရာများ တင်ပြလျှောက်ထားပြီး ကန်လယ်မင်းသာသနာ့နုဂ္ဂဟအသင်းဒုဥက္ကဋ္ဌ ဦးစိုးသိန်းက ဂုဏ်ပြုပူဇော်ပွဲဆိုင်ရာကိစ္စရပ်များကို တင်ပြလျှောက်ထားသည်။

အဆိုပါဂုဏ်ပြုပူဇော်ပွဲတွင် သာသနဓဇဓမ္မာစရိယဘွဲ့ရ ၃ ပါး၊ ဓမ္မာစရိယနှစ်ကျမ်းစွဲအောင် ၃ ပါး၊   ဓမ္မာစရိယတစ်ကျမ်းစွဲအောင် ၄ ပါး၊ အဘိဓမ္မဝိဒူ(၁)ဘွဲ့ရ ၁ ပါး၊ ဝိနယဝိဒူဘွဲ့ရ ၅ ပါး၊  ပထမကြီးတန်းအောင် ၁ ပါး၊ ပထမငယ်တန်းအောင် ၁၀ ပါး၊ အခြေပြုမူလတန်းအောင် ၇ ပါး၊  စုစုပေါင်းသံဃာတော်(၃၄)ပါးအတွက် ဂုဏ်ပြုပူဇော် ချီးမြှင့်ငွေကျပ် (၂၆၂၀၀၀၀/-)ကို ကန်လယ်မင်း သာသနာနုဂ္ဂဟအသင်းကြီးနှင့် အလှူရှင်များက ဂုဏ်ပြုပူဇော်လွှာနှင့်အတူ ဆက်ကပ်လှူဒါန်းကြပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ငဖဲမြို့ ပန်းထိန်းကျေးရွာအုပ်စု အောင်နန်းမြေဘုန်းတော်ကြီး ကျောင်းဆရာတော် ဦးသုမနက လှူဒါန်းမှုအစုစုကို ရေစက်ချအမျှပေးဝေ၍ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိတု သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မယု(ငဖဲ)