ကျွန်းလှ ဧပြီ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မိုးသီးနှံ၊ ဆောင်းသီးနှံနှင့် နွေသီးနှံများ စိုက်ပျိုးကြရာ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရန်အတွက် လယ်ယာမြေများ ထယ်ရေး၊ ထွန်ရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေကြကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
“ကျွန်းလှမြို့နယ်အတွင်းရှိ လယ်ယာမြေများမှာ မိုးကောင်းသောက်ဖြစ်ပါတယ်။ အခုအခါ မိုးရွာသွန်းပြီးကာစ မြေအစိုဓာတ်ရှိချိန် မိုးသီးနှံစိုက်ပျိုးဖို့ လယ်ယာမြေများကို ထယ်ရေး၊ ထွန်ရေးပြင်ဆင်နေကြပါတယ်။ နောက်တစ်ကြိမ် မိုးရွာသွန်းဒါနဲ့ မိုးသီးနှံဖြစ်တဲ့ မြေပဲ၊ အစေ့ထုတ်ပြောင်း၊ ပဲစင်းငုံ စတဲ့ သီးနှံတွေစတင်စိုက်ပျိုးမှာဖြစ်ပါတယ်” ဟု မန်ကျီးအင်းကျေးရွာ တောင်သူတစ်ဦးကပြောသည်။
ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ စပါး၊ ဆီထွက်သီးနှံမျိုးစုံ၊ ပဲမျိုးစုံ၊ ဟင်းသီးဟင်းရွက်မျိုးစုံနှင့် အခြားသီးနှံမျိုးစုံ စိုက်ပျိုးကြမည်ဖြစ်ကြောင်း မြိုနယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးဝင်းညို(ပြန်/ဆက်)