ပွင့်ဖြူ ဒီဇင်ဘာ ၉
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ်သည့် အစည်းအဝေးခန်းမဆောင် သစ်အား တင်ဒါအောင်မြင်သည့် ကျော်သာ ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်ခဲ့ရာ ယခုအခါ အစည်းအဝေးခန်းမဆောင်သစ် တည်ဆောက်မှု လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးခန်းမဆောင်သစ် ဆောက်လုပ်ခြင်းကို ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းတွင် တည်ဆောက်ခြင်းဖြစ်ပြီး ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် ၁၀၄ ဒသမ ၅၂၈ သန်း ဖြင့် ကျော်သာ ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူ၍ အလျား ၁၀၀ ပေ ၊ အနံ ၄၀ ပေ ၊ အာရ်စီတစ်ထပ် အစည်းအဝေး ခန်းမဆောင် တည်ဆောက်ခြင်းကို ၂၀၂၀ ပြည့်နှစ် ဩဂုတ်လဆန်းပိုင်းက စတင်၍ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယခုလဆန်းပိုင်း တွင် ရာနှုန်းပြည့်တည်ဆောက်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။
ယခုအခါ ပွင့်ဖြူမြို့၌ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် အစည်းအဝေးခန်းမဆောင်သစ် တည်ဆောက် ပြီးစီးသွားပြီဖြစ်၍ ဌာနဆိုင်ရာ အစည်းအဝေးပွဲများနှင့် အခြား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာ အစည်းအဝေးပွဲများကို အဆင်ပြေစွာ ကျင်းပပြုလုပ်သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး)