ရွှေဘိုမြို့နယ်တွင် အသက်(၂) လအရွယ် ကလေး(မ) တစ်ဦး အပါအဝင် အတည်ပြုလူနာသစ် (၁၁) ဦး ထပ်မံတွေ့ရှိ

ရွှေဘို ဒီဇင်ဘာ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်တွင်  ဒီဇင်ဘာ(၉)ရက်က အသက်(၂) လအရွယ် ကလေး(မ) တစ်ဦး အပါအဝင် ကိုဗစ်-၁၉ လူနာသစ် (၁၁)ယောက် ထပ်မံတွေ့ရှိခဲ့တယ်လို့ ရွှေဘိုခရိုင် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၊  လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဝင်းလဲ့လဲ့ထွေးက ကြားခဲ့သည်။

" အတည်ပြုလူနာသစ်တွေကတာ့ ရွှေဘိုတက္ကသိုလ် ကွာရန်တင်းစင်တာက (၇)ယောက် ဖြစ်ပြီး ရွှေဘိုမြို့နယ် ကျောက်မြောင်းက (၃) ဦး၊ အမှတ်(၁၀) ရပ်ကွက် သူဇာရပ်က(၁) ဦး၊ သရက်ခြံရပ်က(၁) ဦး၊ အမှတ်(၇) ရပ်ကွက် ဆုံကုန်းရပ်က (၁) ဦး၊ အမှတ်(၄)ရပ်ကွက် အောင်ဇေယျရပ်က (၁) ဦးနဲ့ ရွှေဘိုမြို့နယ် ညောင်ပင်သာကျေးရွာ ကွာရန်တင်းစင်တာက (၄) ဦး၊ စုစုပေါင်း(၁၁) ဦးမှာ ပိုးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ရွှေဘိုတက္ကသိုလ် ကွာရန်တင်းစင်တာက ( ၅၇ ) ဦးနဲ့ ညောင်ပင်သာကျေးရွာ ကွာရန်တင်းစင်တာက (၃၇) ဦး စုစုပေါင်း(၉၄) ဦးကို  RDT Test Kit နဲ့ စစ်ဆေးရာ အခု အတည်ပြုလူနာ (၁၁) ဦးမှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့တာပါ။  ညောင်ပင်သာကျေးရွာ ကွာရန်တင်းစင်တာက ပိုးတွေ့ရှိတဲ့(၄) ဦးထဲမှာ အသက်(၂) လအရွယ် ကလေး(မ) (၁) ဦးပါရှိတယ်လို့ သိရပါတယ်။ အခုထပ်မံတွေ့ရှိတဲ့ အတည်ပြုလူနာသစ်တွေကို ရွှေဘိုမြို့ သူနာပြုနှင့် သားဖွား သင်တန်းကျောင်း ယာယီဆေးရုံမှာ ဆေးကုသဖို့ ပြောင်းရွှေထားတယ် " ဟုဒေါက်တာ ဝင်းလဲ့လဲ့ထွေး ကပြောပါတယ်။

ရွှေဘိုမြို့နယ်တွင်  ဒီဇင်ဘာလ (၉)ရက် ညနေပိုင်းအထိ အတည်ပြုလူနာ (၁၃၃) ဦးရှိပြီး ဆေးရုံဆင်းခွင့်ရသူ (၂၇)ဦး နဲ့  ဆေးကုသမှု ခံယူနေတဲ့ အတည်ပြုလူနာ (၁၀၆)ဦး ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေး လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ ဌာနများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများ ပူးပေါင်းကာ အရှိန်မြှင့်ဆောင်ရွက်လျက်ကြောင်း သိရှိရသည်။

ထွန်းမြင့်အောင်(ရွှေဘို)