ရန်ကုန် ဇန်နဝါရီ ၁၁
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၄) အခြေခံပညာ အလယ်တန်းကျောင်း၏ ပုလဲဆောင် (၇၀ပေ×၃၀ပေ) RCC (၃)ထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါ ကျောင်းဆောင်သစ်ရှေ့၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြင်သာမြို့ဦးဘုန်းတော်ကြီးကျောင်းမှ ပဓာနနာယက ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တပညာစာရ (မဟာသဒ္ဓမ္မဇောတိကဓဇ)၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစောနိုင်၊ အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သစ်သစ်မြင့်၊ အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမိုးမြင့်၊ အရှေ့ပိုင်းခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ပညာရေးမှူး ဒေါ်မိမိမွန်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်လွင်နှင့် မြို့နယ်ပညာရေးမှူး ဦးခင်ညိုဦးတို့က (၇၀ပေ×၃၀ပေ) RCC (၃)ထပ်ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစောနိုင်နှင့် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင့်လွင်တို့က အမှာစကား ပြောကြားခဲ့ပြီး ကျောင်းအုပ် ဆရာမကြီးမှ ကျေးဇူးတင် စကား ပြောကြားခဲ့သည်။
ထို့နောက် ကျောင်းအုပ်ဆရာမကြီးက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပြီး ဇာတိမာန် သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မြင်သာမြို့ဦး ဘုန်းတော်ကြီးကျောင်းမှ ပဓာနနာယက ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တပညာစာရ (မဟာသဒ္ဓမ္မဇောတိကဓဇ)၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစောနိုင်၊ အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သစ်သစ်မြင့်၊ အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမိုးမြင့်၊ အရှေ့ပိုင်းခရိုင် ပညာရေးမှူးရုံးမှ လက်ထောက်ပညာရေးမှူး ဒေါ်မိမိမွန်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင့်လွင်၊ မြို့နယ်ပညာရေးမှူး ခင်ညိုဦး၊ အမှတ်(၄) အခြေခံပညာ အလယ်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်သန်းသန်းအေးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
နေထက်အောင်