မိုးညို ဒီဇင်ဘာ ၁၀
ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ မိုးညိုမြို့၊ ရွှေဥဒေါင်းရပ်ကွက်ရှိ မိုးကုတ်ဝိပဿနာဓမ္မရိပ်သာ ရှေ့၌ ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် YMBA ဗုဒ္ဓဘာသာကလျာ ဏယုဝအသင်း ဆိုင်းဘုတ်တင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီ ၂၀ မိနစ်အချိန်တွင် ပြုလုပ်ခဲ့သည်။
ဆိုင်းဘုတ်တင်ပွဲအား မိုးညိုမြို့၊ မြို့မရပ်ကွက်ရှိ ဓမ္မိကပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော် ဘဒ္ဒန္တတေဇဝန္တနှင့် ဆရာတော်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး မိုးညိုမြို့နယ် YMBA ဗုဒ္ဓဘာသာကလျာဏယုဝအသင်းနာယကများ၊ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အသင်း ဝင်များ တက်ရောက်ခဲ့သည်။
အသင်းဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်မှာ ခေတ်မီဖွံ့ဖြိုးတိုးတက်၍ စည်းကမ်းကျသော ဒီမိုကရေစီ နိုင်ငံတော်ကြီး တည်ဆောက်ရာတွင် နိုင်ငံတော်ဘာသာဖြစ်သော ထေရဝါဒဗုဒ္ဓဘာသာ သာသနာတော် ကြီး ထွန်းကားပြန့်ပွားရေးနှင့် အနာဂတ်မျိုးဆက်သစ် လူငယ်မောင်မယ်လေးများအား မိမိတို့အမျိုးကို စောင့်ရှောက်သည့် စိတ်ဓါတ်၊ မိမိဘာသာကို အလေးထားသည့် စိတ်ဓါတ်၊ မိမိတို့၏ သာသနာကို လေးစားမြတ်နိုးတတ်သည့် စိတ်ဓါတ်၊ ခေတ်နှင့်အညီ ပညာရပ်များကို ကျွမ်းကျင်အောင်လေ့လာ လိုက် စားသင်ယူလိုသည့် စိတ်ဓါတ်များပေါ်ထွန်း၍ နိုင်ငံတော်အတွက် အားထားရသော လူချွန်လူကောင်း များနှင့် နိုင်ငံ့ခေါင်းဆောင်ကောင်းများ ပေါ်ပေါက်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။
ကိုမင်း(မိုးညို)