ကော့မှူး ဒီဇင်ဘာ ၁၀
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး မြို့နယ် အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေး မှူး ဦးထက်ဝင်းက ကိုဗစ်-၁၉ ရောဂါ ကြိုတင်တားဆီးရေးလုပ်ငန်းများတွင် ဌာန ဆိုင်ရာများအနေဖြင့် ပူးပေါင်း ပါဝင် ဆောင်ရွက်ပေးကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေ ရေး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများအား လိုက်နာဆောင်ရွက်ကြရန်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အဖွဲ့ပိုင်ဈေးများအတွင်း မရှိမဖြစ် လိုအပ်သော စားသောက်ကုန်ဆိုင်များ၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ ပစ္စည်း အရောင်းဆိုင် များသာ ဖွင့်လှစ်ရောင်းချရေး၊ ဈေးအတွင်းဈေးဝယ်ဈေးရောင်းချ သူများအားနှာခေါင်းစည်း Mask တပ်ဆင်ရောင်းချရေး ဆောင်ရွက်ကြရန်၊ ဈေးများတွင် လက်ကိုင်စပီကာများဖြင့် ကိုဗစ်-၁၉ အသိပညာ ပေးမှုများ ဆောင်ရွက်ကြရန်နှင့် တိုင်းအဆင့်၊ ခရိုင်အဆင့် ညွှန်ကြားချက်များအား ရှင်းလင်းပြောကြားခဲ့ သည်။ ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာများက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ အစည်းအဝေးသို့ အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာအေး၊ အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းအောင် မြို့နယ်ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်သူရ ကော့မှူး