ကော့မှူးတွင် ဈေးကားများဖြင့် စား/သောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ဒုတိယအကြိမ် ရောင်းချ

ကော့မှူး ဒီဇင်ဘာ ၁၀

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံကုန်သည်များ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နှင့် ညီနောင်အသင်းများမှ ပူပေါင်း၍ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ ပြည်သူများ သန့်ရှင်းလတ်ဆတ် သော ကုန်ပစ္စည်းများအား သက်သာသော ဈေးနှုန်းများဖြင့် ဝယ်ယူစား သောက်နိုင်ရေးအတွက် ယမန်နေ့ မွန်းလွဲပိုင်းက မြို့သစ်ရပ်ကွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးရှေ့၌ ရောင်းချပေးနေကြောင်း သိရသည်။

ကော့မှူးမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ကာလအတွင်း မိမိတို့နေအိမ်မှ ဝေးကွာသောဈေး များသို့ သွားရောက်ဝယ်ယူရသည့်အတွက် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက်  Mobile Market ကားများဖြင့် သန့်ရှင်းလတ်ဆတ်သော သား၊ ငါး၊ ဆီနှင့် အခြားဟင်းသီးဟင်းရွက် စားသောက်ကုန်များအား ပြည်သူများ အလွယ်တကူ ဝယ်ယူစားသောက်နိုင်ရေးအတွက် လိုက်လံရောင်း ပေးနေကြောင်း သိရသည်။

အဆိုပါ‌ ဈေးကားဖြင့် လာရောက်ရောင်းချသော အသင်းအဖွဲ့များနှင့် ဈေးဝယ်လာပြည်သူ့များအား ကျန်းမာရေး အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ရောင်းချဝယ်ယူနိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမိုးကျော်နှင့် ဝန်ထမ်းများက ဝိုင်းဝန်းကူညီဆောင်ရွက် ပေးနေကြောင်း သိရသည်။

ကျော်သူရ ကော့မှူး