ရန်ကုန် ဒီဇင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ရည်ရွယ်၍ ရပ်ကွက်များသို့ မီးသတ်ယာဉ်ဖြင့် လှည့်လည်ကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ ည(၇)နာရီအချိန်က နှိုးဆော်ခဲ့ကြောင်း သိရသည်။
နှိုးဆော်ရာတွင် အင်းစိန်မြို့နယ်၊ မီးသတ်ဦးစီးဌာန၊ မီးသတ်ဦးစီးမှူး ဦးရန်နိုင်ဖြိုး ဦးဆောင်၍ မီးသတ် တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက အင်းစိန်မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ မီးသတ်ယာဉ်ဖြင့် လှည့်လည်ကာ (COVID-19) ရောဂါ ကူးစက်ခံရခြင်း မရှိစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်၊ ပြည်သူများ မဖြစ်မနေ ပြင်ပသို့ သွားလာပါက နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်ပြီးမှ သွားလာရန်၊ လက်ကို ဆက်ပြာဖြင့် စနစ်တကျ ဆေးကြောရန်၊ လူစုလူဝေးရှောင်ကြဉ်ရန်၊ တစ်ဦးနှင့်တစ်ဦး ၆ ပေကွာနေကြရန် စသည်တို့ကို လှည့်လည်နှိုးဆော်ခဲ့ကြသည်။
အင်းစိန်မြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်စေရန် မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ တစ်ရက်ခြားစီ ည(၇)နာရီအချိန်မှ ည(၁၁)နာရီအချိန် လှည့်လည်နှိုးဆော်ပေးလျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်အတွင်းတွင် ဖျားနာကုဆေးခန်း(၁)ခုနှင့် ကန့်သတ်စောင့်ကြည့်စင်တာ(၆)ခု ဖွင့်လှစ်ထားရှိရာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ပရဟိတအသင်းစုံမှ Volunteers (၇၀)ဦးနှင့် Ambulances(၁၃)စီး ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
ဇွဲထက်ကို(ပြန်/ဆက်)