ဝန်းသို ဒီဇင်ဘာ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ ဝင်းကြီးအုပ်စု၊ ကွင်းအမှတ်(၁၂၆၅-ခ)ရှိ တောင်သူ ၆ဦးတို့၏ လယ်မြေဧက (၁၂.၀၀) ဧကတွင် မိုးစပါးရိတ်သိမ်းပြီးချိန် လယ်သီးထပ်အဖြစ် ရေဆင်း-၁ စပ်မျိုးနေကြာ၊ ဆောင်းနေကြာသီးနှံ GAPစိုက်နည်းစနစ်ဖြင့် စနစ်တကျစိုက်ပျိုးနည်းပြသခြင်းကို ယမန်နေ့က တာဝန်ရှိသူ များက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကောလင်းခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးဝင်းသိန်းနှင့်မျိုးစေ့ တာဝန်ခံဒေါ်ကြင်စန်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးတင့်ဆွေနှင့်ဝန်ထမ်းများ၊ ဆောင်းနေကြာစိုက် တောင်သူများပူးပေါင်း၍ GAP စိုက်နည်းစနစ်ဖြင့် ရေဆင်း-၁ စပ်မျိုးနေကြာ၊ ဆောင်းနေကြာသီးနှံကို လက်တွေ့စိုက်ပျိုးပြသခဲ့ကြပြီး ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းစဥ်များ၊ GAPစိုက်ပျိုးနည်းစနစ်၏ အရေးပါပုံများကို တာဝန်ရှိသူများက ဆွေးနွေးမှာကြားခဲ့သည်။
ဝန်းသိုမြို့နယ်တွင် မိုးစပါးရိတ်သိမ်းပြီးချိန် လယ်သီးထပ်အဖြစ် GAP စံပြစိုက်နည်းစနစ်ဖြင့် ရေဆင်း-၁ စပ်မျိုးနေကြာကို ကျေးရွာအုပ်စု နှစ်အုပ်စု၊ လယ်ဧက ၃၀ဧကတွင် စနစ်တကျစိုက်ပျိုးသွားမည်ဖြစ်ပြီး ဆောင်းသီးနှံစိုက်ပျိုးဧက ၁၄၀၀ခန့်လျာထားလျက်ရှိရာ ရေဆင်း-၁စပ်မျိုးနေကြာသီးနှံကို လယ်ဧက ၅၀၀ခန့် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကျော်မြိုင် (ပြန်/ဆက်)