စစ်ကိုင်းမြို့နယ်တွင် စိုက်ပျိုးထားသည့် ဆောင်းမြေပဲ ဆင်းပဒေသာ စိုက်ခင်းအား ကွင်းဆင်းကြည့်ရှု နည်းပညာများ ဖြန့်ဝေပေး

စစ်ကိုင်း ဒီဇင်ဘာ ၁၀

စစ်ကိုင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန တဲကြီးမြို့မ နည်းပညာပြန့်ပွားရေးစင်တာမှ တာဝန်ခံနှင့် စိုက်ပညာရှင် ဝန်ထမ်း များသည် နယ်မြေအတွင်းရှိ ဗြဲတရော်ကျေးရွာကွင်းအမှတ် (၈၃၈) တောင်သူဦးစိုးကြီး၊ ဦးကံထူးမောင်၊ ဒေါ်သန်းခင်ဦး တို့၏ ဆောင်းမြေပဲဆင်းပဒေသာ (၁၁) စိုက်ကွင်းနှင့် ညောင်ပင်ဇင်ရွာ ကွင်းအမှတ်(၈၂၈) တောင်သူ ဦးမျိုးဝင်းခိုင်၏ မိုးစပါးမနောသုခ စိုက်ကွင်း ရိတ်သိမ်း အပြီး ကုလားပဲ ရေဆင်း-၆-အား သီးထပ်အဖြစ်စိုက်ပျိုးနိုင်ရန် ယမန်နေ့၊ မွန်းလွဲပိုင်းက နည်းပညာများ ဆွေးနွေး ပေးခဲ့ကြကြောင်းသိရသည်။

" ကျွန်တော်တို့ စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ မြို့နယ်အတွင်းမှာရှိတဲ့ မိုးသီးနှံ၊ ဆောင်သီးနှံစိုက် ပျိုး တောင်သူတွေကို သက်ဆိုင်ရာသီးနှံများအလိုက် ထွက်နှုန်းကောင်းအောင် နည်းပညာတွေ လက်တွေ့ ပြသ ဆောင်ရွက်ပေးနေပါတယ် အဓိကတော့ ဓာတုပစ္စည်းသုံးစွဲမှုလျော့ချရေးနဲ့ သဘာဝမြေဩဇာပြု လုပ်သုံးစွဲစေရန်၊ သဘာဝပိုးပြေးဆေး ပြုလုပ်သုံး စွဲစေရန် တို့ကို နည်းပညာပေးပြီး ဓာတုဓာတ်ကြွင်း အန္တရာယ်အကြောင်းကို ရှင်းလင်းဆွေးနွေးပေးပါတယ် အခုလည်းပဲ ဆောင်သီးနှံ စိုက်ကွင်းကြည့်ရှူ့ပြီး လိုအပ်မဲ့ဆေးသုံးစွဲမှုတွေဆွေးနွေးပါတယ် နောက်ပြီး မိုးစပါးရိတ်သိမ်း အပြီး သီးထပ်စိုက်ပျိုးနိုင်အောင် တောင်သူတွေကို မြေပြုပြင်ချိန်ကစပြီး ရိတ်သိမ်းသည်အထိ သီးနှံထွက်နှုန်း ကောင်း အောင် နည်းပညာတွေဖြန့်ဝေပေးနေပါတယ် " ဟု  မြို့နယ်စိုက်ပျိုး ရေးဦးစီးမှူး ဦးဇော်ဦးက ပြောပြ၍ သိရ သည်။

စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ တောင်သူများအား စိုက်ပျိုးရေး အခက်အခဲများရှိပါက သက်ဆိုင်ရာ တိုက်နယ်နည်းပညာ ပြန့်ပွားရေးစင်တာများနှင့် ချိတ်ဆက်၍ အချိန်နှင့်တစ်ပြေးညီ ဆွေးနွေးမေးမြန်း ဆောင်ရွက်နိုင်ကြောင်းလည်း သိရသည်။

ဇော်မြင့်နိုင်