စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ်အတွင်း ကျေးရွာကုန်ထုတ်လမ်း ၅ လမ်းဖောက်လုပ်ရန်ငွေကျပ်သန်း ၄၄၂ ကျော် အသုံးပြုမည်

ဗန်းမောက် ၊ ဒီဇင်ဘာ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် ကျေးရွာ ၅ ရွာရှိ  တောင်သူများ ၏ သီးနှံများရာသီမရွေး ထုတ်လုပ်သယ်ပိုးနိုင်ရန်အတွက် ကျေးလက်ကုန်ထုတ်လမ်း ၅ လမ်းအား ဇန်နဝါရီလအတွင်း ဖောက်လုပ်ပေးနိုင်ရန်အတွက် ယမန်နေ့က ခရိုင်ကျေးလက် ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မြင့်သန်း၊ မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်နိုင်နှင့် ဝန်ထမ်းများက သွားရောက်၍ ကွင်းဆင်းစစ်‌ဆေးခဲ့ကြောင်း သိရသည်။

"ကျေးလက်ကုန်ထုတ်လမ်းတွေ ဖောက်လုပ်ပေးနေတာဆိုရင် စိုက်ပျိုး‌ရေးတောင်သူတွေ အကျိုး စီးပွားအတွက် လုပ်ဆောင်ပေးနေတာပါ။ ယခင်က ကုန်ထုတ်လမ်းတွေမရှိသည့်အတွက်  စိုက်ပျိုးထားသည့် သီးနှံတွေဟာ မိုးဒဏ်၊ လေဒဏ်တွေကြောင့် လေလွင့်မှုများနှင့် ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ရသည့်အတွက် ကျေးလက်ကုန်ထုတ်လမ်းများ ဖောက်လုပ်ပေးရခြင်းဖြစ်ကြောင်း ကုန်ထုတ်လမ်းရှိသည့်အတွက် အချိန်မရွေးထုတ်ပို့နိုင်ပါတယ်"ဟု မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်နိုင်က ပြောသည်။

တောင်သူများ အကျိုးစီးပွားအတွက် မိမိသီးနှံများကို ရာသီမရွေးထုတ်လုပ်နိုင်ရန်အတွက် ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်ပေးမည့် ကျေးရွာများမှာ ကံကြီးကုန်းကျေးရွာ၊ နောင်မလင်ကျေးရွာ၊ စက်တောကျေးရွာ၊ ရွှေနှစ်ကျေးရွာ၊ အင်ကြင်းကုန်း‌ကျေးရွာ စသည့် ကျေးရွာ ၅ ရွာရှိ တောင်သူများအတွက် ကုန်ထုတ်လမ်း ၅ လမ်းတို့ကို ဖောက်လုပ်ပေးနိုင်ရန် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ်သန်းပေါင်း ၄၄၂.၄၉ ကျော်ကို အသုံးပြုပြီး ဖောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ 

ကျော်စွာ(ဗန်းမောက်)