ကိုဗစ်ကာလ သန်လျင်မြို့နယ်မှ သီလရှင်ကျောင်းတိုက်များသို့ဆန်နှင့်ဆီများလှူဒါန်း

သန်လျင်  ဒီဇင်ဘာ   ၁၀

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်မှသီလရှင်ကျောင်းတိုက်များသို့ကိုဗစ်ကာလ အထောက်အပံ့ဖြစ်စေရန် ဓမ္မစက္ကပဝတ္တနကာရီ ကိုဗစ်အထောက်အကူပြုအဖွဲ့နှင့် အလှူရှင်များကယနေ့နံနက်တွင်ဆွမ်း၊ ဆန်တော်နှင့် ဆီများကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

ယင်းသို့လှူဒါန်းရာတွင်အလှူရှင်အဖွဲ့က သန်လျင်မြို့နယ်အတွင်းရှိ သီလရှင်ကျောင်းပေါင်း (၂၆)ကျောင်းမှ ဆရာကြီး၊ ဆရာလေးအပါး (၁၁၀၀)တို့အားကျပ် (၅၅)သိန်းတန်ဖိုးရှိဆန်နှင့် ဆီများကိုတစ်ပါးလျှင် ဆန်သုံးပြည်၊ ဆီငါးဆယ်သားတို့အားဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

ဓမ္မစက္ကပဝတ္တနကာရီကိုဗစ်အထောက်အကူပြုအဖွဲ့သည် ကိုဗစ်ကာလ၌ ဆေးရုံသုံးပစ္စည်းများ၊ ဆေးကုသဆောင်များပြင်ဆင်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းတိုက် များသို့ဆန်၊ ဆီ၊ ဆေးဝါး အာဟာရ ထောက်ပံ့ လှူဒါန်းခြင်း၊ အခြေခံပြည်သူများသို့စားသောက်ကုန်များ လှူဒါန်းခြင်း၊ အသွားအလာကန့်သတ် နေရာများသို့ အာဟာရ လှူဒါန်းခြင်း အပါအဝင်ယနေ့ထိကျပ်သိန်းပေါင်း ၂၀၀၀ ကျော် ထောက်ပံလှူဒါန်း ပေးခဲ့ပြီး ဖြစ်ကြောင်းသိရသည်။

သန်လျင်မြို့နယ်တွင်ယနေ့ထိ ကိုဗစ်-၁၉ အတည်ပြုပိုးတွေ့လူနာ ၂၃၈၀ ဦး၊သေဆုံးသူ ၄၇ ဦးရှိပြီးရောဂါ ကာကွယ်ထိန်းချုပ်ရေး၊ ကုသရေးလုပ်ငန်းများကိုမြို့နယ် ကိုဗစ်-၁၉ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီကအရှိန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

သန်းဝင်း(သန်လျင်)