မင်းဘူး ဇန်နဝါရီ ၁၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်တွင် ဓမ္မတေးပူဇော်ပွဲနှင့် နိုင်ငံကျော်အဆိုတော်များ၊ Myanmar Idol Season (4) ဆုရ အဆိုရှင်များနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော် ဂီတဖျော်ဖြေရေးတွင် ၂၈-၁-၂၀၂၀ ရက်နေ့၌ နိုင်ငံကျော် တေးသံရှင် အဆိုတော် ဒေါ်မာမာအေး ၊ စိုးစန္ဒာထွန်း ၊ ဗညားဟန် ၊ ရန်ပိုင်စိုး တို့နှင့် အတူ Myanmar Idol Season (4) ဆုရတေးသံရှင် အက်စတာ၊ အေးမြဖြူတို့မှ ဖွင့်ပွဲလာ ဘုရားဖူး မိဘပြည်သူများအား ဧည့်ခံဖျော်ဖြေပေးသွားမည်ဖြစ်သည်။
မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော် ဓမ္မသဘင်တွင်လည်း ၂၉-၁-၂၀၂၀ ရက်နေ့ ညတွင် သီတဂူဆရာတော်ဘုရားကြီး အရှင်ဉာဏိဿရ မှ လည်းကောင်း၊ ၃၀-၁-၂၀၂၀ ရက်နေ့ ညတွင် ရွှေရတု တိပိဋက မြင်းမူဆရာတော် ဘုရားကြီးမှလည်းကောင်း၊ ၃၁-၁-၂၀၂၀ ရက်နေ့တွင် အမေရိကန်ဆရာတော်မှ လည်းကောင်း ဘုရားဖူးလာ မိဘပြည်သူများအား တရားရေအေးများ တိုက်ကျွေးသွားမည် ဖြစ်သည်။
အဆိုပါ မန်းရွှေစက်တော်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့မှ ဧပြီလ ၁၇ ရက်နေ့ထိ စည်းကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။
ကျော်စိုးဝင်း(မင်းဘူး)