ပုလဲ ဒီဇင်ဘာ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ကံကြီးကျေးရွာအုပ်စု၊ ကံကြီးကျေးရွာ၊ တောင်သူ ဒေါ်ရီ၏ ကိုဗစ်- ၁၉ ကာလ စီးပွားရေးကုစားမှုအစီအစဉ်အရ စိုက်ပျိုးထားရှိသော ကွင်း အမှတ် ၁၀၄၉၊ ဦးပိုင်အမှတ်၁၆၈၊ မိုးစပါး ဧရာမင်း မျိုးစေ့ထုတ် စိုက်ကွက်၌ စံကွက်ရိတ်သိမ်းခြင်း တောင်သူကွင်းသရုပ်ပြပွဲနှင့် တောင်သူပညာပေး ဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၀ ရက်၊ နံနက် ၁၀နာရီက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပုလဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်ဝင်းစိုးက “တောင်သူများအနေနဲ့ တစ်ဧက အထွက်နှုန်းမိတ်ဖတ်များဖြစ်တဲ့ ကောက်ကွက် ပြည့်မီစေရေး၊ အောင်နှံပင်ပွား တိုးပွားရေး၊ တစ်နှံပါ အောင်စေ့တိုးပွားမှုအခြေအနေများကို သိရှိနိုင်စေရေးနဲ့ ဧရာမင်း မိုးစပါး စိုက်ကွက်ရဲ့ တစ်ဧက အထွက်နှုန်းကို သိရှိနိုင်စေရေး အတွက် ရည်ရွယ်ပြီး မိုးစပါးမျိုးစေ့ထုတ် စံကွက်ရိတ်သိမ်းခြင်းကို ဆောင်ရွက်ခဲ့ပါတယ်။
ဧရာမင်းမိုးစပါးစံကွက် ရိတ်သိမ်းပွဲသို့ တက်ရောက်လေ့လာတဲ့ တောင်သူများအား ဌာနတာဝန် ရှိသူများက စပါးဖြုတ်ပိုး ကျရောက်မှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် စပါးခင်းအတွင်း ကြိုတင်ကင်းထောက် မှတ်တမ်းရယူရန်၊ပေါင်းမြက်များ မပြတ်ရှင်းလင်းရန်၊ စပါးခင်းများအတွက် အကျိုးပြုသည့် မိတ်ဆွေပိုးများ သေဆုံးပျက်စီးမှု မရှိစေရေးအတွက် လိုအပ်ချက် မရှိပါက ပိုးသတ်ဆေးမသုံးစွဲရေး၊ သဘာဝမြေဩဇာနဲ့ သဘာဝပိုးသတ်ဆေး ပြုလုပ်သုံးစွဲရေး၊ရာသီဥတုပြောင်း လဲမှုနှင့်အညီ သီးနှံမျိုးကွဲ သီးနှံပုံစံပြောင်းလဲရေး၊ စိုက်ပျိုးရေ ချွေတာသုံးစွဲရေးနှင့် မိမိတို့ စပါးခင်းအတွင်း ဖြုတ်ပိုးကျရောက်မှုရှိပါက ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် နီးစပ်ရာ တောင်သူနည်းပညာပြန့်ပွားရေးစင်တာများသို့အချိန်နှင့်တပြေးညီသတင်းပေးပို့ရန်တို့ကိုဆွေးနွေးခဲ့ပါတယ်”
ဟု ပြောကြားခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ကာလ စီးပွားရေးကုစားမှုအစီအစဉ်အရ စိုက်ပျိုးထားရှိသော တောင်သူဒေါ်ရီ၏ ဧရာမင်းမိုးစပါးမျိုးစေ့ထုတ် စိုက်ကွက်ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တောင်သူများ က စံကွက် ရိတ်သိမ်းရာ တစ်ဧကလျှင် စပါးအစို ၈၅တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။
မြင့်သိန်းစိုး(ပြန်/ဆက်)