ကွမ်းခြံကုန်း ဒီဇင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး ၊ တောင်ပိုင်းခရိုင် ၊ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး ကာလအတွင်း ပြည်သူများအနေဖြင့် အခြေခံ စားသောက်ကုန်ပစ္စည်းများအား ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရေး အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရဖွဲ့၏ လမ်းညွှန်မှုဖြင့် ဒုတိယအကြိမ် Mobile Market ဈေးကားများ လာရောက် ရောင်းချ ပေးခဲ့ကြောင်းသိရသည်။
Mobile Market ဈေးကားများဖြင့် အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သော သန့်ရှင်းလတ်ဆတ်သည့် ဟင်း သီးဟင်းရွက်၊ သစ်သီးဝလံနှင့် သားငါးများ၊ ဆန်၊ ဆီ၊ ဆားနှင့် ကြက်ဥ၊ ဘဲဥများကို ဈေးနှုန်းချိုသာစွာ လာရောက် ရောင်းချပေးရာတွင် မြို့ပေါ်ရပ်ကွက်များအတွင်း အချိန်သတ်မှတ်၍ ရပ်ကွက် တစ်ခုခြင်းစီသို့ လိုက်လ ံရောင်းချပေးရာ မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက ပူးပေါင်းကူညီပေးခဲ့ပြီး လာရောက် ဝယ်ယူသူ ပြည်သူများ အား ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများနှင့် အညီရောင်းချပေးခဲ့ကြောင်း သိရသည်။
Mobile Market ဈေးကားများ ဖြင့် အခြေခံစားသောက်ကုန်ပစ္စည်းများအား မြို့နယ်များအတွင်း ရောင်းချပေးခြင်း အစီအစဉ်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ညီနောင် အသင်းများ ပူးပေါင်းပြီး လိုအပ်သည့် အခြေခံစားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်း ချိုသာစွာ လှည့်လည်ရောင်းချပေးခြင်းဖြစ်ကြောင်းသိရသည်။
ထွန်းထွန်းစိုး(ကွမ်းခြံကုန်း)