တာမွေ ဒီဇင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် စည်ပင်သာယာရေးကော်မတီအနေဖြင့် မြို့နယ်အတွင်း ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပစေရေး၊ ရေစီးရေလာကောင်းမွန်စေရေးနှင့် လမ်းပန်းဆက်သွယ်မှု အဆင်ပြေချောမွေ့စေရေး တို့အတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက် လျက်ရှိရာ ယနေ့နံနက်ပိုင်းအချိန်ကလည်း မြို့နယ်အတွင်းရှိ ပြည်သူများနှင့် လမ်းသွားလမ်းလာများ သွားရေးလာရေးတွင် ယာဉ်အန္တရာယ် ကင်းဝေးစွာဖြင့် သွားလာနိုင်စေရေးအတွက် တာမွေမြို့နယ်ရှိ တာမွေ(ယာယီ)စျေးရှေ့တွင် လူသွားစင်္ကြန်လုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ လူသွားစင်္ကြန်လုပ်ငန်း ဆောင်ရွက်ပေးနေမှု အခြေအနေများအား တာမွေမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်း၊ တာမွေမြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့် တာမွေ(ယာယီ)စျေးမှ စျေးတာဝန်ခံတို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
တာမွေမြို့နယ်အတွင်းရှိ ပြည်သူများနှင့် လမ်းသွားလမ်းလာများ သွားရေးလာရေးတွင် ယာဉ်အန္တရာယ် ကင်းဝေးစွာဖြင့် သွားလာ နိုင်စေရေးအတွက် လူသွားစင်္ကြန်လုပ်ငန်း ဆောင်ရွက်ပေးနေမှုအပေါ် ခရီးသွားပြည်သူတစ်ဦးကလည်း " အခုလို လူသွားစင်္ကြန် လုပ်ငန်းဆောင်ရွက်ပေးတာဟာ မြို့နယ် အတွင်းရှိ ပြည်သူတွေအတွက်သာမက လမ်းသွားလမ်းလာများနှင့် ကျွန်တော်တို့လို ခရီးသွားပြည်သူတွေအတွက် များစွာအကျိုးရှိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီနေရာဟာ လူအသွားအလာ များသလို၊ ယာဉ် အသွားအလာလည်း များပါတယ်။ ယခင်က ဒီနေရာမှာရှိတဲ့ လူသွားစင်္ကြန်ဟာ ပျက်စီး ယိုယွင်းနေ တဲ့အတွက် ကျွန်တော်အပါအဝင် လမ်းသွားလမ်းလာအချို့ ကားလမ်းမပေါ်က သွားလာကြရပါတယ်။ အဲဒီအတွက် ယာဉ်အန္တရာယ်လည်း အမြဲတမ်း ကြုံတွေ့ ရပါတယ်။ ယခုလို လူသွားစင်္ကြန် အသစ်ပြုလုပ်ပေးတဲ့အတွက် လမ်းသွားလမ်းလာများနှင့် ခရီးသွားပြည်သူများအနေဖြင့် ယခင်ကထက် သွားရေးလာရေးတွင် ယာဉ်အန္တရာယ် ကင်းဝေးစွာဖြင့် သွားလာနိုင်တော့မှာ ဖြစ်ပါတယ် " ဟုပြောကြားခဲ့သည်။
အဆိုပါ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်ရှိ တာမွေ(ယာယီ)စျေးရှေ့တွင် ဆောင်ရွက် လျက်ရှိသော လူသွားစင်္ကြန်မှာ အလျားပေ(၄၀၀)၊ အကျယ် (၅)ပေနှင့် အမြင့် (၉)လက်မရှိပြီး တိုင်းဒေသကြီးလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် တာမွေမြို့နယ်စည်ပင် သာယာရေး ကော်မတီ (လမ်းနှင့်တံတားဌာန)မှ တာဝန်ယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
နိုင်လင်းအောင်(ပြန်/ဆက်)