ယင်းမာပင် ဇန်နဝါရီ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် ဘန့်ဘွေးအုပ်စု ကံစုကျေးရွာတွင် ခရိုင်အဆင့် ကျေးရွာစည်းလုံးညီညွတ်မှု စံပြဆုအပ်နှင်းပွဲနှင့် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့ နံနက် (၁၁) နာရီက အဆိုပါကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကံစုကျေးရွာ ဘုန်းတော်ကြီးကျောင်းမှ ဆရာတော် ဦးပညာဝရက ဩဝါဒစကား မိန့်ကြားခဲ့သည်။ ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမှ အမှာစကား ပြောကြားပြီး ယင်းမာပင်မြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးငြိမ်းထက်က “မိမိတို့ မြို့နယ်မှ ကံစုကျေးရွာသည် ခရိုင်အဆင့်တွင် ကျေးရွာစည်းလုံးညီညွတ်မှု စံပြဆုရရှိတဲ့အတွက် ကျေးရွာပြည်သူများအနေဖြင့် စည်းလုံးညီညွတ်မှုကို ဆက်လက်၍ ထိန်းသိမ်းပြီး ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ရှင်းလင်းပြောကြားကာ စံပြဆုတံဆိပ်နှင့် ဂုဏ်ပြုငွေများအား ကံစုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းညိုထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
ယင်းနောက် ပညာရေးစုံညီပွဲတော်အား ဆက်လက်ကျင်းပရာ ကျောင်းသားကျောင်းသူများက ပညာရေး စုံညီပွဲတော်သီချင်းဖြင့် အခမ်းအနားအား ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တွင် စံပြမောင်ဆု၊ စံပြမယ်ဆုနှင့် ပထမတန်းမှ အဋ္ဌမတန်းအထိ အတန်းလိုက် ဆုရရှိသည့် ကျောင်းသား / ကျောင်းသူများ၊ မြို့နယ်အဆင့်အားကစားပြိုင်ပွဲနှင့် ကျောင်းတွင်း အားကစားပြိုင်ပွဲများတွင် ထူးချွန်ဆု ရရှိသူများကို ပြည်သူလွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန် ရှိသူများက ဆုများပေးအပ်ခဲ့ကြသည်။
အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ/ဆရာများ၊ ကျောင်းသား/ကျောင်းသူများနှင့် ကျေးရွာနေ ပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။
ရွှေစည်သား(ယင်းမာပင်)