မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ကောက်ယူနိုင်ရေး ညှိနှိုင်း အစည်းအဝေးကျင်းပ

ရန်ကုန် ဇန်နဝါရီ ၁၁

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ၂၀၁၉ ခုနှစ်၊ ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို တိကျမှန်ကန်စွာနှင့် အချိန်မီပြီးစီးနိုင်စေရေး အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ (၁) နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

အစည်းအဝေး၌ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ငြိမ်းက အဖွင့်အမှာစကား ပြောကြားရာ ၂၀၁၉ ခုနှစ်၊ ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ကောက်ယူရာတွင် လူဦးရေစာရင်းများ မှန်ကန်တိကျစွာ ကောက်ယူနိုင်ရေး၊ သတ်မှတ်ရက်အတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရေး နှင့် ဖွဲ့စည်းတာဝန်ပေးအပ်ထားသော အဖွဲ့များမှ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြရေး တို့ကို အလေးထားဆောင်ရွက်ကြရန်ပြောကြားခဲ့ပါသည်။

ဆက်လက်၍ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ လက်ထောက်မြို့နယ် ဦးစီးမှူး ဦးစိုးမိုးက ၂၀၁၉ ခုနှစ်၊ ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ကောက်ယူမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍  ရှင်းလင်းရာ မင်္ဂလာတောင်ညွန့် မြို့နယ်တွင် ဇန်နဝါရီလ ၁၅ ရက်နေ့ ၂၆ ရက်နေ့အထိ ရပ်ကွက် (၆) ခုတွင် ကောက်ယူသွားမှာဖြစ်ပြီး အဆိုပါ ရပ်ကွက်များမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ NGO များ၊ သက်ဆိုင်ရာ လ.ဝ.က ဦးစီးဌာနမှ တိုက်နယ်မှူးဝန်ထမ်းများ၊ ဆယ်အိမ်မှူးနှင့် ရာအိမ်မှူးများဖြင့် ကွင်းဆင်းဆောင်ရွက် သွားကြမည် ဖြစ်ကြောင်းနှင့် စာရင်း ကောက်ယူမှု ပုံစံများကို ရှင်းလင်းပြောကြားခဲ့ရာ တက်ရောက်လာသူများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းခဲ့ကြကြောင်း သိရသည်။

ချစ်စုဝေ(ပြန်/ဆက်)