(၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သားကောင်းမိခင်နှင့် ကလေးပြိုင်ပွဲ ဆုပေးပွဲ ကျင်းပ

ရန်ကုန် ဇန်နဝါရီ    ၁၁

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သားကောင်းမိခင်နှင့် ကလေးပြိုင်ပွဲဆုပေးပွဲကို ယမန်နေ့မွန်းလွဲ (၂) နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်စန္ဒာသော်ဦးက အဖွင့် အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာ ဥမ္မာမြင့်က ပြိုင်ပွဲကျင်းပခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်ခဲ့သော သားကောင်းမိခင်နှင့်  ကလေးပြိုင်ပွဲအတွက် ဆုပေါင်း (၁၇)ဆုကို ရွေးချယ်ခဲ့ရာ ကလေး ပြိုင်ပွဲတွင် မွေးစမှ ၆ လ ၊ ၆ လမှ ၁ နှစ် နှင့်  ၁ နှစ်မှ ၂နှစ် ပြိုင်ပွဲဝင်ကလေးများထဲမှ ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသူများ၊ အမွှာဆု (၂) ဆုနှင့် သားကောင်းမိခင်ပြိုင်ပွဲ၌ ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိသူများအား ဆုလက်ဆောင်များ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ချစ်စုဝေ