မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ကျော်ရွာကျေးရွာတွင် အသက်မွေးဝမ်းကျောင်းအထောက်အကူ ပြု သဘာဝမြေဩဇာ ထုတ်လုပ်မှုသင်တန်းဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင် မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ လူမှုစီးပွားရေးဘဝတိုးတက်ဖို့ အတွက် ကျော်ရွာကျေးရွာတွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သဘာဝမြေဩဇာ ထုတ်လုပ်မှု သင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်သည်။

ရှင်းလင်းရာတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးပြူးလွင်၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးအောင်ဆန်းဝင်းတို့က အဖွင့်အမှာစကားပြောကြားပြီး ဂန့်ဂေါခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်က မြို့နယ် အတွင်းရှိ ကျေးလက်နေပြည်သူများ လူမှုစီးပွားရေးဘဝတိုးတက်ရန်၊ ကျေးလက်ဒေသတွင် ကျွမ်းကျင်သောလုပ်သားများ ဖြည့်ဆည်းပေးနိုင်ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေး နိုင်ရန်အတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းသို့ သင်တန်းသား/သူ(၂၅)ဦးတို့တက်ရောက်ကြပြီး သင်တန်းကာလ မှာ ဒီဇင်ဘာ ၁၀ ရက်နေ့မှ ဒီဇင်ဘာ ၁၅ ရက်နေ့အထိဖြစ်ကြောင်း သိရသည်။

ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြသက်ထွေးနှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဒု-လက်ထောက်ဦးစီး ဦးဆန်းထွန်း တို့က သဘာဝမြေဩဇာထုတ်လုပ်မှုသင်တန်းကို စာတွေ့၊ လက်တွေ့ ရှင်းလင်းဆွေးနွေးပို့ချကြသည်။ ထို့ပြင် မြို့နယ်အတွင်းရှိ ရေရှင်ကျေးရွာတွင် စက်ချုပ်သင်တန်း၊ မြင်းဇာကျေးရွာတွင် ဆိုင်ကယ်ပြင် သင်တန်း၊  အောင်မြင်ကျေးရွာတွင် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အသိပညာပေးသင်တန်းတို့ကို ဖွင့်လှစ် သင်ကြားပေးမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရှိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)