သန်လျင်မြို့ ခြောက်လမ်းသွားလမ်းဆုံအနီး သီလဝါလမ်းမကြီး၌ ယာဉ်တိုက်မှုဖြစ်ပွား

သန်လျင် ဒီဇင်ဘာ ၁၁

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊ ခြောက်လမ်းသွားလမ်းဆုံအနီး သီဝါလမ်းမကြီး တွင် ညအိပ်ရပ်နားထားသော  တွဲကားအား ဆီဘောက်ဆာယာဉ် (ဆီမပါ) မှ ယနေ့ နံနက် ၆ နာရီ မိနစ် ၄၅ အချိန်က ဝင်ရောက်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သန်လျင်မြို့၊ ဘုရားကုန်းကျေးရွာအုပ်စု၊ ၆ လမ်းသွားလမ်းဆုံအနီး၊ ရန်ကုန်- သီလဝါလမ်းမတွင် ညအိပ်ရပ်နားထားသော တွဲကား အား ဆီဘောက်ဆာယာဉ် (ဆီမပါ) မှ နောက်မှဝင်တိုက်မှုဖြစ်ပွားပြီး ဆီဘောက်ဆာယာဉ် ခေါင်းခန်းအတွင်း ယာဉ်နောက်လိုက် အမျိုးသား ၁ ဦး ကားခေါင်းအတွင်း ညှပ်နေကြောင်း သတင်းအရ ရန်ကုန်တောင်ပိုင်းခရိုင် မီးသတ်ဦးစီးဌာန ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်လွင်ဦး ဦးဆောင် ကာ ရှာဖွေကယ်ဆယ်ရေး ယာဉ် ၁ စီးနှင့် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ သန်လျင်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ် ၁ စီးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာ နံနက် ၇ နာရီ မိနစ် ၃၀ အချိန်တွင် ယာဉ်နောက်လိုက်အား ကယ်ဆယ်နိုင်ခဲ့ပြီး ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိ အမျိုးသားတစ်ဦး (မစိုးရိမ်ရ) အား မေတ္တာအလင်း လူမှုကူညီရေးအသင်းမှ သူနာပြု တင် ယာဉ်ဖြင့် သန်လျင်အထွေထွေရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုအား သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးကာ ဥပဒေအရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သက်ခိုင် (သန်လျင်)