ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး၌ အဓိကအရေးကြီးသည့် ပြင်ပထွက်ခွာချိန်တိုင်း Mask တပ်ဆင်မှုရှိစေရေးအတွက် Mask Campaign ကို ​​နေ့စဉ်ဆောင်ရွက်

ဒဂုံမြို့သစ်(အရှေ့ပိုင်း) ဒီဇင်ဘာ ၁၁

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရခြင်းမှ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများအား ပြင်ပထွက်ခွာချိန်တိုင်းတွင် Mask တပ်ဆင်သွားလာမှု ရှိစေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီတာဝန်ရှိသူများက Mask Campaign များကို နေ့စဉ် ရပ်ကွက်များ၊ စျေးများ၊ လမ်းများအလိုက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အမှတ် ၇ ရပ်ကွက် ကျန်စစ်သားလမ်းနှင့် ဖျာပုံလမ်းရှိစျေးတို့၌ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အဆိုပါ လမ်းများနှင့် စျေးအတွင်း၌ Mask တပ်ဆင်လာခြင်းမရှိသူများ၊ Mask များအား ရောဂါပိုးအဓိက ကာကွယ်ရမည့်နေရာတွင် တပ်ဆင်ခြင်းမရှိပဲ မေးစေ့တွင် ချိတ်သူများအား နောင်တွင် ပြင်ပထွက်ခွာချိန်တိုင်း Mask တပ်ဆင်ရန်နှင့် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ Mask ကိုစနစ်တကျတပ်ဆင်ရေးအတွက် အသိပညာပေးပြောကြားပြီး ပြည်သူများအား နှာခေါင်းစည်း (Mask) အခု(၇၀၀) အား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ အဆိုပါ Mask Campaignကို ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ပိုး ကူးစက်ခံရခြင်းမှ ကာကွယ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ် -၁၉ ရောဂါ ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပူးပေါင်းကာ နေ့စဉ် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ကော်မတီ၏ တာဝန်ရှိသူများထံမှ သိရသည်။

လှလှထွေး (ပြန် / ဆက်)