ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် စီမံကိန်းရေးဆွဲရေး အကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ဒဂုံမြောက် ဒီဇင်ဘာ  ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း စီမံကိန်း ရေးစွဲရေး အကောင်အထည်ဖော် ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်မိုးက "မြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တွင် မြို့နယ်အတွင်း စီမံကိန်းရေးဆွဲရေး အကောင်အထည်ဖော်ရေး လုပ်ငန်း များကို ဆောင်ရွက်ရာတွင် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်များအတွင်းရှိ ဖြစ်ပေါ်နေသော လိုအပ်ချက်များကို အခြေခံဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက် ရာတွင် မြို့နယ်အတွင်းရေရရှိရေး၊ လမ်း၊ တံတား၊ ကျန်းမာရေး၊ ပညာရေးတို့နှင့် ပတ်သက်၍ အဓိက ဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊  မိမိတို့မြို့နယ်၏ လိုအပ်ချက်များကို စီမံကိန်းများ ရေးဆွဲတင်ပြရခြင်းဖြစ်ရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုဘက်ဂျက်၊ တိုင်းဒေသကြီး ဘက်ဂျက် ရန်ပုံငွေတို့ဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်း ၈၆ ခုရှိကြောင်း၊ လုပ်ငန်းများအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန်" တို့ကို ဆွေးနွေးမှာကြားခဲ့သည်။

ထို့နောက် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌမှ မြို့နယ်အတွင်း ယခင်ကထက် တိုးတက်ပြောင်းလဲလာကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ယခုထက် ပိုမိုတိုးတက်ရေး ဆောင်ရွက်ရာတွင် သက်ဆိုင်ရာရပ်ကွက်များမှ အကြံပြုချက် များ ဖြင့်  အားသာချက်၊ အားနည်းများကို အခြေခံ၍ ညှိနှိုင်း ဆောင်ရွက်သွားရန်တို့ကို ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ မြို့နယ်စီမံကိန်းဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ငွေလုံးငွေရင်းဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်းပြောကြားသည်။ ထို့နောက် ဌာနဆိုင်ရာများ နှင့် ရပ်ကွက်များမှ ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို နေ့လယ် ၁၂ နာရီခွဲတွင် ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

မြင့်မြင့်ရီ(ပြန်/ဆက်)