ပွင့်ဖြူ ဒီဇင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားသည့်ကာလ မြို့နယ်အတွင်းရှိ တောင်သူများ စိုက်ပျိုးရေးကဏ္ဍ ထိခိုက်မှုမရှိစေရန်နှင့် တောင်သူသီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်ရေးအတွက် ကိုဗစ် - ၁၉ စီးပွားရေးကုစားမှု (CERP)အစီအစဉ်ဖြင့် စိုက်ပျိုးသည့် ဧရာမင်းမျိုးစေ့ထုတ်စိုက်ခင်း စံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာ တောင်သူ ဦးဝင်းဆန်းဦး၏ မိုးစပါးစိုက်လယ်မြေတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဧရာမင်းမိုးစပါး မျိုးစေ့ထုတ်စိုက်ခင်းအား စံကွက်ရိတ်သိမ်းရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလှိုင်မြင့်၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများအဖွဲ့က မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်းများ ၊ ဒေသခံတောင်သူများနှင့် အတူ ကံသာကြီးကျေးရွာ တောင်သူ ဦးဝင်းဆန်းဦး ၏ ကွင်းအမှတ် ၈၉၂ ၊ ဦးပိုင်အမှတ် ၁၇/၁ မိုးစပါးစိုက်လယ်မြေတွင်(CERP)အစီအစဉ်ဖြင့် စိုက်ပျိုးသည့် ဧရာမင်းမိုးစပါး မျိုးစေ့ထုတ်စိုက်ခင်း ၂ ဒသမ ၃၉ ဧက အား စံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧက အထွက်နှုန်း စပါး(အစို) ၁၀၇ ဒသမ ၄၂ တင်းနှင့် စပါး(အခြောက်) ၉၆ ဒသမ ၆၈ တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ကာလ တောင်သူများ စိုက်ပျိုးရေးလုပ်ငန်း အခက်အခဲမဖြစ်စေရေးအတွက် ကိုဗစ် - ၁၉ စီးပွားရေးကုစားမှု (CERP)အစီအစဉ်ဖြင့် စိုက်ပျိုးသည့် ဧရာမင်းမျိုးစေ့ထုတ်စိုက်ခင်းအား ကျေးရွာအုပ်စု(၂၀)အုပ်စု ၊ ကျေးရွာပေါင်း (၅၄)ရွာ ၊ တောင်သူ ၅၃၉ ဦး၏ စပါးစိုက်လယ်မြေတွင် စုစုပေါင်း ၁၄၆၂ ဒသမ ၅၀ ဧက စိုက်ပျိုးဆောင်ရွက် ထားရှိကြောင်း သိရပြီး ယနေ့အထိ ရိတ်သိမ်းခြွေလှေ့ပြီးသည့် စိုက်ဧက ၂၈၉ ဧက ရိတ်သိမ်းပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှိုင်မြင့်ထံမှ သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )