စေတုတ္တရာ ဒီဇင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ကြိုတင် ကာကွယ်ရေးတို့အတွက် ပြည်သူများ Face Shield များနှင့် နှာခေါင်းစည်း(Mask)များ စနစ်တကျ တပ်ဆင်ထားမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် တပ်ဆင်သူ/ မတပ်ဆင်သူဦးရေ စာရင်းကောက်ယူခြင်းကို ယမန်နေ့နံနက်ပိုင်းက စတင်၍ မြို့နယ်ပြည်သူ့ဆေးရုံ အဝင်ပေါက်တွင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအတွက် နှာခေါင်းစည်း(Mask)များ တပ်ဆင်ရာတွင် စနစ်တကျ တပ်ဆင်မှုမရှိဘဲ မေးသိုင်းထားခြင်း၊ မျက်နှာ အကာ(Face Shield)များအား အပေါ်သို့ လှန်ထားခြင်းများ တွေ့ရှိရသောကြောင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက Face Shield များနှင့် နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်ထားမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် နှာခေါင်းစည်း (Mask)တပ်ဆင်သူ/မတပ်ဆင်သူဦးရေ စာရင်းကောက်ယူခြင်းတို့ကို ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ Face Shield များနှင့် နှာခေါင်းစည်း(Mask)များ စနစ်တကျ တပ်ဆင်ထားမှု ရှိ/မရှိ စစ်ဆေး ခြင်းနှင့်စာရင်း ကောက်ယူခြင်းကို မြို့အဝင်အဂိတ်၊ မြို့နယ်စည်ပင် သာယာဈေးနှင့် မြို့နယ်ပြည်သူ့ ဆေးရုံ အစရှိသည့် လူအဝင်အထွက် များသည့် နေရာများတွင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
စည်သူလွင်(ပြန်/ဆက်)