ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိသူ အမျိုးသားတစ်ဦး ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရရှိ

ပွင့်ဖြူ       ဒီဇင်ဘာ      ၁၂

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ယမန်နေ့ ညနေ ၃ နာရီက ပွင့်ဖြူမြို့၊ (အ.ထ.က)ကျောင်း ယာယီ သီးခြား လူနာကုသဆောင်တွင်ထားရှိပြီး ဆေးကုသပေးနေသော ကိုဗစ်ပိုးတွေ့လူနာများတွင် အမျိုးသားတစ်ဦး ကိုဗစ် - ၁၉ ရောဂါပိုး သက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ပြုလိုက်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာန ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင်ထံမှ သိရသည်။  

အဆိုပါ ပိုးတွေ့လူနာမှာ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်သို့  ဆေးကုသရန် သွားရောက် ခဲ့ပြီး နိုဝင်ဘာ (၂၆) ရက်နေ့က ပွင့်ဖြူမြို့နယ်သို့ ပြန်လည်ရောက်ရှိလာပြီး မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ စီစဉ်ထားရှိသော  မြို့နယ်စိုက်ပျိုးရေးသိပ္ပံကျောင်း  Facility Quarantine Centre တွင် အသွားအလာကန့်သတ် နေထိုင်ခဲ့ကြောင်း ၊ နိုဝင်ဘာ ၂၉ ရက်နေ့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင်၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ၎င်းအမျိုးသား အား ကိုဗစ် - ၁၉ ရောဂါပိုး ရှိ/မရှိ Swab နမူနာရယူ၍ ရန်ကုန်အမျိုးသားကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲမှုဌာန(NHL) သို့ ပေးပို့စစ်ဆေးခဲ့ရာ ဒီဇင်ဘာ ၁ ရက်နေ့က ကိုဗစ် - ၁၉ ရောဂါပိုး တွေ့ရှိခဲ့သဖြင့် ပွင့်ဖြူမြို့၊ (အ.ထ.က)ကျောင်း ယာယီသီးခြား လူနာကုသဆောင်သို့ ပြောင်းရွှေ့ ဆေးကုသမှု ခံယူစေခဲ့ရာ ယမန်နေ့ မွန်းလွဲပိုင်းက ကျန်းမာရေးကောင်းမွန်ပြီး ကိုဗစ် - ၁၉ ရောဂါလက္ခဏာ မတွေ့ရဘဲ သတ်မှတ်ရက် ပြည့်မြောက်တာကြောင့် ဆေးရုံဆင်းခွင့် လက်မှတ်ထုတ်ပေးခဲ့ပြီး ယာယီသီးခြား လူနာကုသဆောင်မှ ဆင်းခွင့်ပြုလိုက်ခြင်း ဖြစ်ကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင်က ပြောသည်။  

အဆိုပါ ကိုဗစ် - ၁၉ ရောဂါပိုး သက်သာပျောက်ကင်းသူအမျိုးသားမှာ ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာမှ အသက်(၅၂) နှစ်အရွယ် အမျိုးသားဖြစ်ကြောင်း သိရပြီး ယမန်နေ့ မွန်းလွဲပိုင်းက ပွင့်ဖြူမြို့၊ သမ္မာဆန္ဒကရုဏာရှင်များ နာမှုကူညီရေး အသင်းမှ ပရဟိတအဖွဲ့ဝင်များက မော်တော်ယာဉ်ဖြင့် နေအိမ်အရောက် ပို့ဆောင်ပေးခဲ့ပြီး နေအိမ်တွင် Home Quarantine (၇)ရက် ဆက်လက်နေထိုင်သွားရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ နေထိုင်သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌  ယနေ့အထိ ကိုဗစ် - ၁၉ ရောဂါပိုးတွေ့လူနာ (၃၇ )ဦး ရှိသွားပြီဖြစ်ပြီး ရောဂါသက်သာ ပျောက်ကင်း၍ ဆေးရုံ ဆင်းခွင့်ရရှိသူ (၃၆)ဦးရှိပြီဖြစ်ကာ ပွင့်ဖြူမြို့၊ (အ.ထ.က)ကျောင်း ယာယီသီးခြား လူနာကုသဆောင်တွင် ကိုဗစ် - ၁၉ ပိုးတွေ့လူနာ (၁)ဦး ကျန်ရှိနေပြီး  လက်ရှိတွင် ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင် ထံမှ သိရသည်။

ရဲဝင်းနိုင် ( ညောင်ဦး )