တမူးမြို့၊ မြို့မစည်ပင်သာယာစျေးတွင် စျေးရောင်း၊ စျေးဝယ်သူများ နှာခေါင်းစည်း(Mask) နှင့် Face Shield များ တပ်ဆင်၍ရောင်းဝယ်မှုများ ရှိ/မရှိ စစ်ဆေးခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

တမူး    ဒီဇင်ဘာ   ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ မြို့မစည်ပင်သာယာစျေးအတွင်း နေ့စဉ်သွားလာနေသော စျေးရောင်း၊ စျေးဝယ်သူများအား နှာခေါင်းစည်း(Mask)များနှင့် Face Shield များ တပ်ဆင်၍ ရောင်းဝယ်မှုများ ရှိ/မရှိ စစ်ဆေးခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ထိုသို့စစ်ဆေး ဆောင်ရွက်ရာတွင် ဒီဇင်ဘာ(၁၂)ရက်နေ့ နံနက် ၈ နာရီခွဲက တမူးမြို့နယ် စည်ပင်သာယာရေးကော်မတီဝင် ဦးနန္ဒလှသွင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးစီးအရာရှိ ဦးလေးမော်နှင့်ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ တမူးမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးမှူး အဆင့်-၁ ဒေါ်ညောင်ငိုက်ဟွဲ နှင့်ဝန်ထမ်းများ၊ တမူးမြို့မရဲစခန်းမှ နယ်ထိန်းအရာရှိ ရဲအုပ် ကျော်ကျော်ဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ မြို့မစျေး ကော်မတီဥက္ကဋ္ဌ ဦးကြည်စိုးနှင့် စျေးကော်မတီဝင်များမှ စျေးအတွင်းရောင်းချနေသော စျေးသည်များ၊ စျေးဝယ်ယူသူများအား နှာခေါင်းစည်း(Mask)များနှင့် Face Shield များတပ်ဆင်၍ စျေးရောင်းချခြင်း၊ စျေးဝယ်ယူခြင်းများ ရှိ/ မရှိ ကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး စျေးရောင်းချသူများ အနေဖြင့် နှာခေါင်းစည်း(Mask)များနှင့် Face Shield များတပ်ဆင်ခြင်းမရှိဘဲ စျေးရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိပါက ပထမအကြိမ် စျေးရောင်းချခွင့်(၃)ရက် ပိတ်သိမ်းခြင်း၊ဒုတိယအကြိမ် စစ်ဆေးတွေ့ရှိပါက စျေးရောင်းချခွင့်(၇)ရက် ပိတ်သိမ်း ခြင်းနှင့် လုံးဝလိုက်နာမှုမရှိသည်ကို စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း တမူး မြို့နယ် စည်ပင်သာယာရေးကော်မတီဝင် ဦးနန္ဒလှသွင်ထံမှ သိရှိရသည်။

တမူးမြို့၊ မြို့မစျေးအတွင်း မကြာသေးမီ ရက်ပိုင်းကကိုဗစ်-၁၉ အတည်ပြုလူနာ(၂)ဦး တွေ့ရှိခဲ့သည့်အတွက် အထူးကြပ်မတ် စစ်ဆေးလျက်ရှိပြီး စျေးကော်မတီရုံးမှလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြား ချက်များကို စနစ်တကျ လိုက်နာမှု ရှိစေရေးတို့အတွက် နေ့စဉ်အသံချဲ့စက်များဖြင့် လိုက်လံအသိပေးနှိုးဆော် လျက်ရှိကြောင်း သိရှိရသည်။

ကျော်သူရ(ပြန်/ဆက်)