တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် ကန့်ဘလူမြို့နယ်တွင် နယ်မြေမီးသတ်စခန်းများ တည်ဆောက်မည်

ကန့်ဘလူ ဒီဇင်ဘာ  ၁၂

မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ အောင်မြင် အောင်ဆောင်ရွက်နိုင်ရေးအတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နယ်မြေ မီးသတ်စခန်းများကိုဖွင့်လှစ် ခွင့်ပြုထားလျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ ခွင့်ပြုရန်ပုံငွေကျပ် ၅၂၈ သန့်ဖြင့် ကန့်ဘလူမြို့နယ်တွင် နယ်မြေ မီးသတ်စခန်း (ဝန်ထမ်းနေအိမ်ပါ)များ တည်ဆောက်သွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှသိရသည်။

မြို့နယ်မီးသတ်စခန်းနှင့် ဝေးကွာသော နယ်မြေများတွင် မီးဘေးအန္တရာယ်ကျရောက်ပါက အလျင်အမြန်တုံ့ပြန် ဆောင်ရွက်ရေး အတွက် နယ်မြေအလိုက် မီးသတ်စခန်းများကို တည်ဆောက်သွားမည် ဖြစ်ကြောင်းနှင့် အဆိုပါ နယ်မြေမီးသတ်စခန်းများမှာ ဇီးကုန်းနယ်မြေ မီးသတ်စခန်း (ဝန်ထမ်းနေအိမ်ပါ) ၃ ထပ်၊ (၅၀×၄၀×၃၅)ပေ၊ ချပ်သင်းနယ်မြေ မီးသတ်စခန်း(ဝန်ထမ်းနေအိမ်ပါ) ၃ ထပ်၊ (၅၀×၄၀×၃၅)ပေ၊ ကာဘိုးနယ်မြေမီးသတ်စခန်း(ဝန်ထမ်းနေအိမ်ပါ) ၃ ထပ်၊ (၅၀×၄၀×၃၅)ပေ၊ ကိုးထောင်ဘို့နယ်မြေ မီးသတ်စခန်း (ဝန်ထမ်းနေအိမ်ပါ) ၃ ထပ် ၊(၅၀×၄၀×၃၅)ပေ တို့ကို ဆောက်လုပ်မည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးမိုးကျော်သူထံမှ သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)