စေတုတ္တရာမြို့နယ် အလယ်ဟန်ဒေါက်ကျေးရွာနှင့် တောင်ဟန်ဒေါက်ကျေးရွာတို့တွင် မြစိမ်းရောင် ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီဖွဲ့စည်းခြင်း ဆောင်ရွက်

စေတုတ္တရာ    ဒီဇင်ဘာ        ၁၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် အလယ်ဟန်ဒေါက်ကျေးရွာနှင့် တောင်ဟန်ဒေါက်ကျေးရွာတို့တွင် မြစိမ်းရောင် ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီဖွဲ့စည်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီဖွဲ့စည်းခြင်း အခမ်းအနားတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်အောင်လွင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းဇော်ထွန်းက မြစိမ်းရောင် ကျေးရွာ စီမံကိန်းနှင့် ပတ်သက်သော လုပ်ငန်းစဉ်များ၊ စီမံကိန်း ဆောင်ရွက်ရ သည့် အကြောင်းအရင်းများ၊ စီမံကိန်းကျေးရွာ ရွေးချယ်ခံရမှုအကြောင်းများနှင့် စီမံကိန်းလုပ်ငန်း ဆောင်ရွက်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ အကြောင်းကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ကျေးရွာကော်မတီဝင်များအား ကျေးရွာပြည်သူလူထုများက အဆိုပြုမဲပေးသည့်စနစ်ဖြင့် ရွေးချယ်ဖွဲ့စည်း ခဲ့ကြောင်း သိရသည်။ 

အဆိုပါ မြစိမ်းရောင်ကျေးရွာစီမံကိန်းသည် အရင်းမပျောက်ချေးငွေဖြစ်ပြီး ကျေးရွာမတည်ရန်ပုံငွေ အဖြစ် ကျပ်သိန်းသုံးရာ မတည်ထုတ်ချေးပေးမည်ဖြစ်ကာ ရရှိလာသော အတိုးလည်ပတ်ရန်ပုံငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သိရသည်။

မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ကျေးလက်ဒေသများတွင် အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစု ဝင်ငွေတိုးပွား လာစေခြင်းဖြင့် ကျေးလက်ဒေသဆင်းရဲမှုနှုန်းကိုလျှော့ချရန်၊ တိုးပွားလာသော ရန်ပုံငွေများဖြင့် ကျေးရွာအတွက် အမှန်တကယ် လိုအပ်သော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာမှ ကိုယ်တိုင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်၊ ကျေးလက်နေ ပြည်သူလူထု၏ စွမ်းဆောင်ရည် တိုးတက်လာစေရန် နှင့်မမျှော်မှန်းနိုင်သော ဘေးအန္တရာယ်များ ကျရောက်လာပါက တုံ့ပြန်မှု အားကောင်းသော လူမှုအဖွဲ့ အစည်းများ ပေါ်ပေါက်လာစေရန် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

စည်သူလွင်(ပြန်/ဆက်)