ခန္တီးမြို့နယ် စိန်နန်းကျေးရွာတွင် လက်ဖက်သီးနှံကိုင်းဖြတ်ခြင်းဆိုင်ရာ နည်းပညာ မိတ်ဆက်ပွဲပြုလုပ်

ခန္တီး    ဒီဇင်ဘာ  ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ စိန်နန်းကျေးရွာတွင် လက်ဖက်သီးနှံကိုင်းဖြတ်ခြင်းဆိုင်ရာ နည်းပညာမိတ်ဆက်ပွဲကို ခရိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူများ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက တောင်သူ ဦးမောင်ကို၏ ဦးပိုင်အမှတ် (၁၂) တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

လက်ဖက်ပင်ကိုင်းဖြတ်ခြင်းလုပ်ငန်းဆောင်ရွက်ပေးခြင်းဖြင့် ကိုင်းသစ်ထွက်မှု၊ ကိုင်းဖြာထွက်မှုနှင့် အရွက်သစ်ထွက်မှု ပိုမို ကောင်းမွန်လာသဖြင့် အထွက်နှုန်းတိုးစေခြင်း၊ လက်ဖက်ရွက်၏ အရည်အသွေးပိုမို ကောင်းလာခြင်း၊ ရောဂါကျအကိုင်းများ ရှင်းလင်းနိုင်သဖြင့် အပင်၏ကျန်းမာရေး ပိုမိုကောင်းမွန်စေခြင်း၊ ကိုင်းအို၊ ကိုင်းဟောင်းများ ဖယ်ရှားပေးခြင်းဖြင့် ထည့်သွင်းသည့် မြေဩဇာအား အပင်မှပိုမိုရရှိလာခြင်းနှင့် လက်ဖက်ရွက်ခူးဆွတ်ရာတွင် ပိုမိုလွယ်ကူသက်သာစေသည့် အကျိုးကျေးဇူးများ ရရှိလာမည် ဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်မော်လွင်က ပြောသည်။

စနေမောင်မောင်(ခန္တီး)