ကော့ကရိတ် ဒီဇင်ဘာ ၁၂
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် စိုက်ပျိုးဦးစီးဌာနသည် စပါးခွံဖြင့် စိုက်ပျိုးရေး လုပ်ငန်းသုံး ဇီဝမီးသွေး ပြုလုပ်သုံးစွဲနည်း သရုပ်ပြသခြင်းကို ယမန်နေ့ နံနက် (၉)နာရီအချိန်က ကော့ကရိတ်မြို့နယ်၊ ရန်ကုတ်ကျေးရွာ တောင်သူ ဦးသိန်းမြိုင်၏ လယ်မြေတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့သရုပ်ပြရာတွင် ကော့ကရိတ်ခရိုင်၊ ဦးစီးမှူး ဒေါ်နော်သူးလေထီးက လယ်ယာ စွန့်ပစ်ပစ္စည်းဖြစ်သော စပါးခွံကို မြေဆီလွှာ တိုးတက်ကောင်းမွန်စေရန် ဇီဝမီးသွေး (Biochar) ပြုလုပ်၍ သုံးစွဲခြင်းဖြင့် မြေဆီလွှာနှင့် သီးနှံပင်များအပေါ် အကျိုး သက်ရောက်မှုများ ၊ ဇီဝမီးသွေးနှင့် နွားချေး၏ အာဟာရဓာတ်ပါဝင်မှုအား နှိုင်းယှဉ်ဆွေးနွေး ပြောကြားခဲ့ပြီး စိုက်ပျိုးမြေအ တွင်းသို့ ဇီဝမီးသွေး ထည့်သွင်းရခြင်း၏ အခြေခံအကြောင်း ရင်းများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကော့ကရိတ်ခရိုင်စိုက်ပျိုးဦးစီးဌာနမှ ဝန်ထမ်းများက ဇီဝမီးသွေး ပြုလုပ်ပုံအဆင့်ဆင့်ကို တောင်သူများအား လက်တွေ့ သရုပ်ပြခဲ့ကြသည်။ ဇီဝမီးသွေးသည် သီးနှံပင်များအတွက် ရေဓာတ်ပံ့ပိုးပေးခြင်း၊ သီးနှံအတွက် အာဟာရ ဓာတ်များကို သီးနှံပင်မှ မလိုအပ်သောအချိန်တွင် လေလွင်ဆုံးရှုံးမှု မရှိအောင် ထိန်းသိမ်းထားပြီး လိုအပ်သောအချိန်တွင် အမြစ်များမှ အလွယ်တကူ စုပ်ယူနိုင်ရန် ကူညီပေးခြင်း၊ မြေဆီလွှာ တိုက်စားဆုံးရှုံးမှုများကို ကာကွယ်ပေးခြင်း၊ မြေစေးများ၏ သိပ်သည်းမှုကို လျော့ကျစေခြင်းနှင့် စေးသောမြေကို ဖွယ်စေခြင်း စသည့် အကျိုးသက်ရောက်မှုများ ရရှိမည်ဖြစ်ကြောင်း ကိုခရိုင်စိုက်ပျိုးရေးဦးစီးဌာနတာဝန်ခံ၏ပြောကြားချက်အရသိရသည်။
အဆိုပါသရုပ်ပြပွဲသို့ နောင်နိုင်းကျေးရွာ၊ ရန်ကုတ်ကျေးရွာတို့မှ တောင်သူ (၂၈) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)