ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာကိုးရွာ၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းအကြောင်း မိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းလုပ်ငန်းများ ဆောင်ရွက်

ပခုက္ကူ  ဒီဇင်ဘာ ၁၂

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာကိုးရွာတို့၌ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းအကြောင်း မိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၁ခု ဘဏ္ဍာရေးနှစ်တွင် ပခုက္ကူမြို့နယ်အတွင်းရှိ  တင်းဂါတ်၊ ကျွန်းညိုကြီး၊ မယ်ဇလီပင်ကုန်း၊ လက်ပံစု၊ သရက်တော၊ ညောင်နီ၊ လက်ပန်ချောင်း၊ ချမ်းသာကြီးနှင့် မြို့ခင်းသာကျေးရွာတို့တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)အကြောင်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းများကို ဒီဇင်ဘာလ ၁၁ရက် နံနက်ပိုင်းမှစတင်ပြီး မကွေး တိုင်းဒေသကြီးအမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်နီနီဝင်း၊ ပခုက္ကူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဇင်ဇာဝင့်နှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ကြသည်။

အဆိုပါစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များကို ကျေးရွာသူ/ ကျေးရွာသားများကိုယ်တိုင် မဲပေးရွေးချယ်စနစ်ဖြင့် ရွေးချယ်စေပြီး ကျေးရွာတစ်ရွာလျှင် ခွင့်ပြုငွေကျပ်  သိန်း(၁၀၀)စီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းစီမံကိန်းကို ကျေးလက်နေပြည်သူများ၏ လူမှုစီးပွား ဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက်  ကျေးရွာသူ/သားများကိုယ်တိုင် ပါဝင်သုံးသပ် ဆုံးဖြတ်နိုင် စွမ်းရရှိစေရန်၊ ကျေးရွာအခြေအနေနှင့် ကျေးလက်နေ ပြည်သူများ၏ အမှန်တကယ် လိုအပ်ချက်များကို သိရှိပြီး ထိရောက်စွာဆောင်ရွက်ပေးနိုင်ရေးတို့အတွက် ရည်ရွယ်ကာ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာ တွင် ကျေးရွာရှိ အခြေခံအဆောက်အဦး၊ လမ်း၊တံတားများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း ပခုက္ကူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဇင်ဇာဝင့် ပြောသည်။ 

ဆလိုင်းကိုကီး