အရာတော် ဒီဇင်ဘာ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် အရာတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများသည် တောင်သူမှတောင်သူသို့ နည်းပညာဖြန့်ဝေခြင်း အစီအစဉ်(farmer to farmer technical transfer program) ပြုလုပ်ခြင်းကို ယမန်နေ့က နေရာခင်းကျေးရွာအုပ်စု တောင်သူဦးစိုးထူး၏ မိုးစပါးပေါ်ဆန်းရင် မျိုးသန့်ထုတ်စံပြစိုက်ခင်း(CERP)တွင် ဆောင်ရွက်ခဲ့သည်။
ယင်းသို့ နည်းပညာဖြန့်ဝေခြင်း အစီအစဥ်ဆောင်ရွက်ရာတွင် အရာတော်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝဏ္ဏမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်တင်တင်စိန်မှ မျိုးသန့်မျိုးစေ့စိုက်ပျိုးခြင်းနည်းပညာများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး တောင်သူဦးစိုးထူးမှ မိုးစပါးမျိုးစေ့ထုတ် စံပြစိုက်ခင်းနှင့်ပတ်သက်၍ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ရွာသစ်၊ ကိုင်း၊ နေရာခင်း၊ ဟင်းသာ ကျေးရွာများမှ တက်ရောက်လာသည့်တောင်သူများက သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေး မေးမြန်းရာ စိုက်ပျိုးရေးဌာနမှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်တင်တင်စိန်၏ ပြောကြားချက်အရ သိရသည်။
နွယ်နီမြင့်